အိမ်မဲ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ မြို့နယ်အတွင်း မွေးမြူထားသော ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများက ဇူလိုင်(၁၃) ရက် နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
"ခွေးနဲ့ကြောင်များကို အသိရှိရှိနဲ့ ခွေးရူးရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဟာ မိမိနဲ့ မိသားစုကိုသာမကဘဲ လူ့အဖွဲ့စည်းတစ်ခုလုံးကို ခွေးရူးရောဂါရဲ့ အန္တရာယ်မှကာကွယ်နေခြင်းဖြစ်ကြောင်း၊ ခွေးရူးပြန်ရောဂါဖြစ်ပါက ရာခိုင်နှုန်းအပြည့် အသက်ဆုံးရှုံးနိုင်သလို အချိန်မီကာကွယ်ဆေးထိုးခြင်းနဲ့လည်း ကာကွယ်နိုင်ကြောင်း" မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာခွန်မင်းမောင်က ပြောသည်။
ခွေးရူးရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်း ခွေးနှင့်ကြောင်အကောင်ရေ (၁၀၀) ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


