အိမ်မဲ ၁၃ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (Covid Economic Relief Plan)ပညာပေးသင်တန်း(၆)မျိုး အခမဲ့ဖွင့်လှစ်ခြင်းကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)ဦးအောင်ကျော်မြိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ဖြူဖြူဝင်းတို့က အဖွင့်အမှာစကားများအသီးသီးပြောကြားခဲ့သည်။

 

"သင်တန်းမှာ မေထုန်မဲ့သားစပ်သင်တန်း၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ ကျွဲနွားမွေးမြူရေးသင်တန်း၊ သိုးဆိတ်မွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေးသင်တန်း၊ တိုင်းရင်းကြက် မွေးမြူရေးသင်တန်းများကို သင်ကြားပေးမှာပါ၊ ဒီသင်တန်းကိုတက်ရောက်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းတွေကို လုပ်ဆောင်တတ်မယ်၊ မွေးမြူရေးလုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်တတ်လာမယ်၊ ကူးစက်ရောဂါကြောင့် ဆုံးရှုံးတာတွေကို ကာကွယ်လာနိုင်မယ်၊ မွေးမြူရေးလုပ်ငန်းတွေကို ပိုပြီးတိုးတက်အောင် ဆောင်ရွက်လာနိုင်မယ်အစရှိတဲ့ ရည်ရွယ်ချက်များနှင့် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်'' မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြောသည်။

 

အဆိုပါသင်တန်းတွင် သင်တန်းအမျိုးအစား(၆)မျိုးကိုသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတစ်မျိုးကို ၃ရက်တာ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းသို့ကျေးရွာ (၁၉)ရွာမှသင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)

 

mdn