အိမ်မဲ ဒီဇင်ဘာ ၂၆
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၅ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ နယ်မြေခံ တပ်ရင်းမိသားစုများ၊ အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၀၀) ခန့်က မြို့အဝင် ဘုရင့်နောင်ချွန်းတွင် စုရပ်ပြုလုပ်ပြီး အနော်ရထာ လမ်းမကြီးတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကာ မြို့မလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း (သဲကွင်း) အတွင်း၌ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)