အိမ်မဲ   ၁     အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၅

 

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူတို့က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း မြို့မိမြို့ဖများ အလှူရှင်များ  ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုကြောင်း အောင်မြင်အောင်ဆောင်ရွက်သွားဖို့လိုကြောင်းပြောကြားခဲ့သည်။

 

ထို့နောက် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်တို့က ကလေးစာပေပွဲတော်နှင့် ပတ်သက်သည့်လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးခဲ့သည်။ အိမ်မဲမြို့တွင် ကလေးစာပေပွဲတော်ကို အထက(၁) ကျောင်း၌ နိုဝင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဧရာဝတီတိုင်း (၂၆)မြို့နယ်တွင် အိမ်မဲမြို့နယ် ချောင်းသာမြို့နယ် ဇလွန်မြို့နယ် များတွင် နိုဝင်ဘာ ၁ ရက်နေ့ ၂ ရက်နေ့များတွင် တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ပြီး ယင်းကလေး စာပေပွဲတော်များတွင် ပုံပြော၊ကဗျာရွတ်၊ကျပန်းစကားပြောပြိုင်ပွဲများ၊စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီ အစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းနှင့် အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်း၊ စာအုပ် အရောင်းဆိုင်များ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ကလေးစာပေပွဲတော်တွင် မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)