အိမ်မဲ  ၁၃ ဒီဇင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ တောင်စုကျေးရွာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် ကရင်ရိုးရာ ကောက်သစ်စားပွဲတော်နှင့် ကရင်နှစ်သစ်ကူးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ရွာသစ်ကျေးရွာအုပ်စု၊ တောင်စုကျေးရွာ ပွဲတော်ကျင်းပမည့် ကွင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂ့ါမိုးမြတ်မြတ်သူက ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးတွင် လုပ်ငန်းကော်မတီ အသီးသီး၏ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

 

ထို့နောက် အိမ်မဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ ပွဲတော်ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်စိုးနှင့် ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများ တင်ပြခဲ့ကြပြီး ဝန်ကြီး၏ လမ်းညွှန်မှာကြားမှု ခံယူခဲ့ကြသည်။

 

ဆက်လက်ပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပွဲတော်ကျင်းပရေး ကွင်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ လှည့်လည်စစ်ဆေးပြီး လိုအပ်မှုများ လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်