အိမ်မဲ ၁၆ ဇွန် 

၂၀၁၈ ခုနှစ်မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုအတွက်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၅ရက် နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

 

5701

 

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည်ဖြိုး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၊ တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်မြိုင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများက ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးခဲ့သောမိုးစပါးဧကများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ရာ ဘုရားကြီးကုန်းကျေးရွာ၊ ခတ္ထိယကျေးရွာ၊ ကျုံခရီကျေးရွာ၊ အင်းတမိကျေးရွာ၊ ကညင်ကုန်းကြီးကျေးရွာ၊ တံခွန်တိုင်အညာစုကျေးရွာ၊ ညောင်ဝိုင်းကြီးကျေးရွာ၊ ဝါးခရယ်ကျေးရွာ၊ ခေါင်လံကုန်းကြီးကျေးရွာ၊ ကျုံစိန်ကျေးရွာ၊ ကွင်းယတံခွန်တိုင် ကျေးရွာနှင့် ပါရမီဒေါင့်ကျေးရွာတို့က တာဝန်ရှိသူများကလက်ခံရယူခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမြင့်အောင်က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးရာထောက်ပံ့ငွေရရှိသော ကျေးရွာများကိုယ်စား ပါရမီဒေါင့်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်း စိုက်ပျိုးဧက စုစုပေါင်း ဧက ၁၄၀၃၂၀ ရှိရာ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးဧက ၁၀၃၁၃ ဧက အတွက် ၁ ဧကလျှင် ၁၀ဝ၀ဝ နှုန်းဖြင့် ၁၀၃၁၃၀ဝ၀ဝ(တစ်ထောင်သုံးဆယ့်တစ်သိန်းသုံးသောင်း)ကျပ်ကိုထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ)