အမရပူရ ၂၀ နိုဝင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ပထမလှိုင်းကာလက Stay at Home သတ်မှတ်သည့်အချိန်မှ စတင်ကာ တစ်ပိုင်တစ်နိုင် အိမ်တွင်းစိုက်ပျိုးမှု (အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်း စိုက်ပျိုးမှုလုပ်ငန်း) ပိုမိုပြုလုပ်လာရာ လက်ရှိ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် အိမ်တွင်းဟင်းချက်စရာ ဟင်းသီးဟင်းရွက် ဖူလုံသည့်အပြင် အပိုဝင်ငွေများပါ ဖော်ဆောင်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် အခြေအနေသည် အသုံးအစွဲချွေတာရမည်၊ စည်းကမ်းတကျ နေထိုင်ရမည်ကို ပညာပေးသကဲ့သို့ ဖြစ်နေသည့်အတွက် ပြည်သူအများစုမှာ အိမ်နောက်ဖေး ဈေးဆိုင်တည်သည့် စိုက်ပျိုးရေးများကို ပိုမိုလုပ်ကိုင်လာခဲ့သည်။
လက်ရှိကာလ အိမ်ဝိုင်းများ ခြံဝိုင်းများအတွက် အပိုဝင်ငွေရရှိစေရန်နှင့် အိမ်မီးဖိုချောင်စရိတ် သက်သာစေရန် စိုက်ပျိုးမှုတွင် နှစ်ရှည်ပင် သရက်ပင်၊ သံပုရာပင်၊ ရှောက်ပင်များကို အခြေခံစိုက်ပျိုးကာ ရာသီပေါ်ဟင်းသီးဟင်းရွက်အဖြစ် ဟင်းနုနယ်၊ ပြည်ပန်းညိုပင်၊ ဘူးပင်၊ ခဝဲပင်၊ ကင်ပွန်းချဉ်ပင်၊ ထိုင်ဝမ်ကန်စွန်း၊ ချဉ်ပေါင်ရွက်၊ ဆလပ်၊ မုန်ညင်း၊ ရုံးမတီပင်၊ ခရမ်းပင်များကို စိုက်ပျိုးကြသည်။
စိုက်ပျိုးမှုတွင်ကျယ်စေရန်အတွက် ဘူးပင်၊ ခဝဲပင်များကို စင်တင်စနစ်ဖြင့် စိုက်ပျိုးကာ စင်အောက်တွင် နေရောင်ခြည်အနည်းငယ်ရရုံဖြင့် ရှင်သန်ဖြစ်ထွန်းသည့် နံနံပင်နှင့် ဆလပ်၊ မုန်ညင်း၊ ချဉ်ပေါင်၊ ရုံးမတီ၊ ထိုင်ဝမ်ကန်းစွန်း၊ ဟင်းနုနယ်များကို ပေါင်စနစ်ဖြစ် စိုက်ပျိုးကြသည်။ အိမ်ဝိုင်းခြံဝိုင်း စည်းရိုးနံဘေးတွင် ပြည်ပန်းညိုပင်၊ ပဲတောင့်ရှည်ပင်၊ ခရမ်းပင်များ စိုက်ပျိုးကြသည်။ လက်ရှိကာလ ရာသီပေါ် ဟင်းသီးဟင်းရွက်များ စတင်ရောင်းချနေရပြီး ပြည်ပန်းညိုရွက် တစ်ပိဿာငွေကျပ် ၁၀၀၀၊ ဟင်းနုနယ်တစ်ပိဿာ ငွေကျပ် ၈၀၀၊ ထိုင်ဝမ်ကန်စွန်း အစည်း ၁၀၀ ငွေကျပ် ၂၀၀၀၊ ချဉ်ပေါင်ရွက် အစည်း ၁၀၀ ငွေကျပ် ၁၅၀၀၊ ပဲတောင့်ရှည် တစ်ပိဿာ ငွေကျပ် ၈၀၀၊ ရုံးမတီတစ်ပိဿာ ငွေကျပ် ၇၀၀၊ ဘူးသီးတစ်လုံးငွေကျပ် ၄၀၀၊ ခဝဲသီးတစ်ပိဿာ ငွေကျပ် ၇၀၀၊ ခရမ်းသီးတစ်ပိဿာ ငွေကျပ် ၇၀၀ ဖြင့် ဖောက်သည်ပေးရသည်။ အိမ်နောက်ဖေးဈေးဆိုင်တည် စိုက်ပျိုးနည်းဖြစ်သည့်အတွက် အသီးအရွက် စုံလင်ကာ တစ်မျိုးမဟုတ်တစ်မျိုး ခူးဆွတ်ကာ ဖောက်သည်ပေးရသည့်အတွက် အိမ်ဟင်းချက်စရာ ဖူလုံသည့်အပြင် အပိုဝင်ငွေပါ ဖော်ဆောင်လာနိုင်ကြောင်း သရက်တန်းကျေးရွာမှ အိမ်နောက်ဖေးဈေးဆိုင်တည် စိုက်ပျိုးသူ ဒေါ်အုန်းမြိုင်က ပြောပြသည်။
တိမ်တမန်


