ကဘူးလ် ဇူလိုင် ၂၅

 

အာဖဂန်နစ္စတန်နိုင်ငံသည် ဇူလိုင် ၂၃ ရက်တွင် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ အိမ်နီးချင်း အီရန်နိုင်ငံမှ လောင်စာဆီ တန် ၃၅၀၀၀၀ အထိ တင်သွင်းမည်ဖြစ်ကြောင်း ဇူလိုင်   ၂၄  ရက်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။

 

အီရန်ကုမ္ပဏီတစ်ခုနှင့်  စာချုပ် ချုပ်ဆိုခဲ့

 

အီရန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့်  အာဖဂန် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် လောင်စာဆီ တန် ၃၅၀၀၀၀ ကို ဝယ်ယူရန်အတွက် ဇူလိုင် ၂၃ ရက် က အီရန်ကုမ္ပဏီတစ်ခုနှင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ   ကိုယ်စားလှယ်အဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ အာဖဂန်နစ္စတန် ရေနံနှင့်  ဂက်စ် ကော်ပိုရေးရှင်းနှင့် အာဖဂန်နစ္စတန် အမျိုးသား စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့တို့မှ အဆင့်မြင့်အရာရှိများ ပါဝင်ကြောင်း သိရသည်။

 

ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့

 

လောင်စာဆီနှင့်ပတ်သက်ပြီး စာချုပ်ချုပ်ဆိုမှုအပြင် အာဖဂန်နစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ရေနံထွက်ပစ္စည်း ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။ ထို့အပြင် အာဖဂန်နစ္စတန်တွင် စွမ်းအင်တင်သွင်းမှုနှင့် သန့်စင်မှုတို့အတွက် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ထူထောင်ရန်အတွက်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။  

 

ဆင်ဟွာ