၁ အောက်တိုဘာ
အိမ်နီးချင်းကောင်းတို့ဟူသည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေ၍ ရေရှည်တည်တံ့စေမည့် ခြေလှမ်းတို့ကိုသာ ဖော်ဆောင်မြဲဖြစ်ပါသည်။ ဤသို့သောခြေလှမ်းများသည် မင်္ဂလာရှိသောခြေလှမ်းများ ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်တွဲလျက် မင်္ဂလာရှိသောခြေလှမ်းတို့ကို ဖော်ဆောင်လိုက်ပြီဖြစ်ပါသည်။ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်၌ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူဟတ်ဆန် မာမွတ်အလီတို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ကိုပါ ဖိတ်ကြားခဲ့ပါသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ရခိုင်ပြည်နယ်အရေးအပေါ် ချဉ်းကပ်ပုံသည် နိုင်ငံတကာ အသိုက်အဝန်းက လိုက်နာအတုယူသင့်သော ချဉ်းကပ်ပုံဖြစ်ပါသည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ရခိုင်ပြည်နယ်အရေး၌ ရှုပ်ထွေးသိမ်မွေ့သော သမိုင်းဖြစ်စဉ်တို့ပါဝင်ပတ်သက်နေသည်ကို အသိအမှတ်ပြု လက်ခံပြီး ရခိုင်ပြည်နယ်အရေး စနစ်တကျဖြေရှင်းနိုင်ရေးသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွားဖြစ်သည်သာမက ဒေသတစ်ခုလုံး၏တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုအတွက် ရလဒ်ကောင်းများ ဖြစ်ထွန်းစေနိုင်သည်ဟု ခံယူထားပါသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရုတ်နိုင်ငံ၏ အခြေခံချဉ်းကပ် ပုံကိုသာ လက်ခံကျင့်သုံးနိုင်မည်ဆိုပါက ရခိုင်ပြည်နယ်အရေးအတွက် ရေရှည်တည်တံ့သော အဖြေကောင်း တစ်ရပ်ကို ရရှိနိုင်မည် ဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ အထက်၌တင်ပြထားသည့် အခြေခံချဉ်းကပ်ပုံ၌ခေါင်းနှင့် ပန်းပမာ တွဲလျက်ရှိသည့် တခြားသော မျက်နှာစာတစ်ရပ် ရှိပါသည်။ အဆိုပါ မျက်နှာစာ၌ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် ပြဿနာကို ပိုမိုရှုပ်ထွေးတင်းမာစေသည့် နည်းလမ်းတို့ကို ဆန့်ကျင်သကဲ့သို့ ပြဿနာအား နိုင်ငံတကာပြဿနာအသွင် ပိုမိုသက်ရောက်စေမည့် နည်းလမ်းတို့ကိုလက်မခံ၊ ပယ်ချခြင်းဖြစ်ပါသည်။ ဤခေါင်းနှင့်ပန်းချဉ်းကပ်ပုံ၏ နိုင်ငံရေးအနှစ်သာရသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါသည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ပြဿနာဖြေရှင်း နိုင်ရေးကို ဦးတည်လျက် ခင်မင်ရင်းနှီးသော ဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံ၏ရပ်တည်ချက်များ အပြန်အလှန်နီးစပ်လာစေရန် ကြိုးပမ်းကြရမည်”ဟု ခံယူထားပါသည်။ ဤခံယူချက်သည်ပင် တရုတ်နိုင်ငံ ရပ်တည်ချက်၏ နိုင်ငံရေးအနှစ်သာရ ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည်အိမ်နီးချင်းကောင်း နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်လာစေရေးအတွက် ပံ့ပိုးကူညီပေးရန်သာ ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုထားပါသည်။
သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနည်းတူ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကိုအသိအမှတ်ပြုသကဲ့သို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက် အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတို့၏ ကြိုးပမ်းအားထုတ်မှုတို့ကိုအလေးအနက် အသိအမှတ်ပြု ထားပါသည်။ ရင်းနှီးမှု၊ ပွင့်လင်းမှုနှင့်အပြုသဘောဆောင်မှုတို့ကို အခြေခံလျက် အထက်၌တင်ပြထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အပါအဝင် သုံးနိုင်ငံ အလွတ်သဘောဆွေးနွေးမှုက သဘောတူညီချက်သုံးရပ်ကို ညှိနှိုင်းရယူနိုင်ခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သုံးရပ်အနက် ရခိုင်ပြည်နယ်အရေးကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ တိုင်ပင်ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရေးသည် အခြေခံအကျ ဆုံးသော သဘောတူညီချက်ဖြစ်ပါသည်။
ဒုတိယသဘောတူညီချက်မှာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူများအနက် ပထမဦးဆုံးသော အသုတ်ကို လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်နေသကဲ့သို့ မြန်မာနိုင်ငံကလည်း ပြန်လည် လက်ခံရန် ပြင်ဆင်နေခြင်းဖြစ်ပါသည်။ တတိယသဘောတူညီချက်မှာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားကြသူများ ပြန်လည်လက်ခံအခြေချနေထိုင်ရေးနှင့် ပတ်သက်၍ အချိန်ဇယားနှင့်အတူ လမ်းပြမြေပုံ တစ်ရပ်ကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ညှိနှိုင်းရေးဆွဲရန်နှင့် ပထမဦးဆုံးပြန်လည်လက်ခံမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံ ပူးတွဲအလုပ်အဖွဲ့ အစည်းအဝေး ကျင်းပရန် ဖြစ်ပါသည်။ ဤသဘောတူညီချက်သုံးရပ်ကို သုံးသပ်ပါက အိမ်နီးချင်းကောင်းနိုင်ငံများပီသစွာ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ရေရှည်တည်တံ့စေမည့် ခြေလှမ်းတို့ကို ဖော်ဆောင်ရန်ဖြစ်ပါသည်။ တစ်နည်းဆိုသော် မင်္ဂလာရှိသောခြေလှမ်းတို့ကို ဖော်ဆောင်ရန်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အိမ်နီးချင်းကောင်းတို့၏ မင်္ဂလာရှိသော ခြေလှမ်းတို့ကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။(မြန်မာ့အလင်း)