ဘဂ္ဂဒက် အောက်တိုဘာ ၁၉

 

အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖူရတ်ဟူစိန်သည် အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခများကြီးထွားလာမည့်အရေးကို ကာကွယ်သည့်အနေဖြင့် အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်ရန် အီရတ်လေပိုင်နက် အသုံးပြုခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားသည်။

 

လက်ဘနွန်နိုင်ငံအပေါ် အစ္စရေး၏ ရန်စမှုများသည် နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်ပွားလာစေနိုင်ကြောင်း ဘဂ္ဂဒက်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖူရတ်ဟူစိန်က သတိပေးပြောကြားပြီး အီရတ်သည် ဒေသတွင်း ပဋိပက္ခမှကင်းဝေးစေရန် ရည်ရွယ်ကြောင်းလည်း ပြောကြားသည်။

 

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရာချီ တက်ရောက်ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် အီရတ်လေပိုင်နက်ကို အသုံးပြုခြင်းသည် လုံးဝ လက်ခံနိုင်စရာမရှိကြောင်းနှင့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပါက ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း သွားလာမှုကို ဆိုးရွားစွာထိခိုက်စေပြီး ကမ္ဘာတစ်ဝန်း၌ စွမ်းအင်အကျပ်အတည်းကို ဖြစ်စေနိုင်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖူရတ်ဟူစိန်က သတိပေးပြောကြားသည်။

 

ဂါဇာကမ်းမြောင်ဒေသ၌ စစ်ပွဲများအရှိန်မြှင့်လာသည့်အပေါ် အစ္စရေးကို ပြစ်တင်ပြောကြားပြီး အစ္စရေး၏ လုပ်ရပ်များသည် ဒေသတွင်း၌ ဂယက်ရိုက်နိုင်သည့်အပြင် အခြားနိုင်ငံများကိုလည်း အန္တရာယ် ဖြစ်စေနိုင်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရာချီကလည်း ပြောကြားသည်။

 

ထို့ပြင် အီရန်နိုင်ငံသည် စစ်မက်ဖြစ်ပွားမှုကို မကြောက်ရွံ့သော်လည်း လိုလားမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။  အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရာချီ သည် အောက်တိုဘာ ၁၄ ရက်တွင် ဘဂ္ဂဒက်မြို့သို့ တရားဝင် အလည်အပတ်ရောက်ရှိခဲ့ပြီး အီရတ်သမ္မတ အဗ္ဗဒူလာတစ်ဖ်ရာရှစ်ဒ်နှင့် ဝန်ကြီးချုပ် မိုဟာမက် ရှီရာအယ်ဆူဒါနီတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အောင်ကျော်ကျော်