၂၂ ဇန်နဝါရီ

တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းမြို့လေးတစ်မြို့ကနေ စတင်လာခဲ့တဲ့အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုဟာ အခုဆိုရင်ပေကျင်းနဲ့ရှန်ဟိုင်းလို တခြားမြို့ကြီးတွေအထိ ပျံ့နှံ့ရောက်ရှိလာ ခဲ့ပြီဖြစ်သလို ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူအရေအတွက်ဟာဆိုရင်လည်း ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတင် သုံးဆလောက်ဖြစ်လာခဲ့တာမို့ အထူးသတိထားစရာ အခြေအနေရောက်ရှိနေပါတယ်။

မနေ့ကပဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၁၉၈ ဦးအထိ ရှိကြောင်း အတည်ပြုတဲ့သတင်းတွေ ပေါ်ထွက်လာခဲ့ရာက ယနေ့ဆိုရင် ၂၀၀ ကျော်သွားပြီလို့ ထပ်မံကြားသိနေရပါတယ်။ အဆုတ်ရောင်ဗိုင်းရပ်စ်ကူးစက်ခံရသူအများစုဟာ ဝူဟန်ကဖြစ်ပေမယ့် ပေကျင်း၊ ရှန်ဟိုင်းနဲ့ ရှန်ကျန်းတို့မှာလည်း ကူးစက်ခံထားရသူတွေကို ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။ ပိုပြီးကျောချမ်းစရာကောင်းတာက ဗိုင်းရပ်စ်ဟာ အသက်သေဆုံးတဲ့အထိ အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ လူအချင်းချင်းကူးစက်နိုင်မှုကို အတည်ပြုလတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်မှုကြောင့် သေဆုံးတဲ့ လူန၁သုံးဦးအထိ ရှိသွားပါပြီ။ ဂျပန်၊ ထိုင်းနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာပါ ကူးစက်ခံရသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေက အိမ်နီးချင်းနိုင်ငံတွေကိုပါ သတိပေးခေါင်းလောင်းထိုးလိုက်ပြီဖြစ်သလို အဆုတ်ရောင် ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ လူအချင်းချင်း ကူးစက်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက အတည်ပြုလိုက် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို အနီးကပ်စစ်ဆေးစောင့်ကြည့် မှုဆောင်ရွက်နေတဲ့ ကျန်းမာရေးကော်မရှင်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူ ကျုံနန်ရှန်က လူနာတွေကို ကုသမှုလုပ်ဆောင်နေစဉ်မှာ ဆေးဝန်ထမ်း ၁၅ ဦး ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တယ်လို့ပြောကြားခဲ့တာကို ဒေသတွင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။ 

စိုးရိမ်ကြောင့်ကြ

တရုတ်နိုင်ငံသားတွေရဲ့ ထူးမြတ်တဲ့ အချိန်အခါဖြစ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်မှာ ပြည်သူတွေ ခရီးသွားလာဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေချိန်မှာပဲတစ်ဟုန်ထိုးမြင့်တက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်က ပြည်သူတွေရဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေကို စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။
ဝင်ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေအတွင်း အာရှမှာ အများဆုံးဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ရပ်ဆိုးကို အမှတ်ရစေပါတယ်။

ဆားစ်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတွင်း လူ ၇၇၄ ဦးသေဆုံး ခဲ့ရပါတယ်။ ယခုထပ်မံတွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို မျိုးရိုး ဗီဇဆိုင်ရာ အသေးစိတ်လေ့လာစစ်ဆေးကြည့်တဲ့အခါ လူတွေမှာဖြစ်တဲ့ တခြား ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးထက် ဆားစ်ရောဂါဖြစ်ပွားစေခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ ပိုပြီးနီးစပ်တဲ့ ဆက်နွယ်မှုမျိုး တွေ့ရှိရတယ်လို့ သိရပါတယ်။

တကယ်တမ်း ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထက် ပိုများနိုင်ပြီး လူ ၁၇၀၀ နီးပါးအထိရှိလာနိုင်တယ်လို့ ဗြိတိန်က ကျွမ်းကျင်သူ တွေက ခန့်မှန်းဖော်ပြခဲ့ပါတယ်။

ဗိုင်းရပ်စ်အကြောင်း

၂၀၁၉ ခုနှစ်မှာတွေ့ရှိရတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ် ဟာ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်တစ်ခုဖြစ်တယ်လို့ သိရှိ ထားပြီး ဒီဗိုင်းရပ်စ်ကို ယခင်က လူတွေမှာ မတွေ့ ရှိခဲ့ရဖူးသေးပါဘူး။

ကိုရိုနနာဗိုင်းရပ်စ်တွေဟာ ကျယ်ပြန့်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေဖြစ်ပြီး အဲဒီထဲကမှ အမျိုးအစားခြောက်မျိုးသာ လျှင် လူတွေမှာ ကူးစက်ဖြစ်ပွားမှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်နဲ့ဆိုရင် ခုနစ် မျိုးလို့မှတ်ရမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်စတင်ပေါက်ဖွားတဲ့ အဖြစ်နိုင်ဆုံးအဓိက ဇာစ်မြစ်ဟာ တိရစ္ဆာန်ဆီကလို့ ဆေးပညာရှင်တွေက ယူဆထားကြပေမယ့် လူတစ်ဦးကနေတစ်ဦးဆီကို ကူးစက်ပျံ့ နှံ့မှုအချို့ရှိနေတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဆိုရင် သိနိုင်တဲ့ လက္ခဏာတွေကတော့ အဖျားတက်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်တာပါ။

ကြိုတင်ကာကွယ်မှုအနေနဲ့ သက်ရှိတိရစ္ဆာန်တွေနဲ့ ထိတွေ့ရတဲ့အခါ အကာအကွယ်မဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ဖို့၊ အသားငါးတွေနဲ့ ဥတွေကို ချက်ပြုတ်တဲ့အခါ သန့်သန့်ရှင်းရှင်းနဲ့ ကျက်အောင်သေချာချက်ပြုတ်ဖို့၊ တုပ်ကွေးလိုမျိုး လက္ခဏာရှိတဲ့ လူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ခြင်းကနေ ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။
လူဦးရေ ၁၁ သန်းရှိတဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ ရောဂါဖြစ်ပွားသူ ၁၃၆ ဦး ထပ်မံတွေ့ရှိရကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီမတိုင်မီက ဝူဟန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၂ ဦး ရှိပြီး မြန်မြန်ဆန်ဆန်မြင့်တက်လာခြင်း ဖြစ်ပါတယ်။ 

ကူးစက်ဖြစ်ပွားမှုများ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က ဆေးရုံတက်ရောက်ကုသနေရတဲ့ လူနာ ၁၇ဝရှိပြီး ကိုးဦးကတော့ အရေးပေါ်အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အခုတစ်ခါ ပေကျင်းမှာ ငါးဦးထပ်မံ ကူးစက်ခံရကြောင်း တွေ့ရပြီး ရှန်ဟိုင်းမှာတော့ ဂူဟန်ကနေ ပြန်လာတဲ့ အသက် ၅၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ ထပ်ဖြစ် နေတယ်လို့ မနေ့က အတည်ပြုလိုက်ပါတယ်။

ဟောင်ကောင်နဲ့ အနီးဆုံးနည်းပညာဆိုင်ရာအချက်အချာ မြို့ဖြစ်တဲ့ ရှန်ကျန်းမှာ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေတွေ့ရပြီး ဒီအမျိုးသမီးဟာဆိုရင်လည်း ဝူဟန်က ဆွေမျိုးတွေဆီကနေ ပြန်လာတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကွမ်တုံ ပြည်နယ်မှာလည်း ၁၄ ယောက်ထပ်ဖြစ်နေတယ်လို့ ဒေသတွင်း မီဒီယာတွေက သတင်းမှာ ဖော်ပြထားပါတယ်။

ပြည်ပနိုင်ငံတွေကိုရောက်ရှိ

ဗိုင်းရပ်စ်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ ကူးစက်နေပြီဖြစ်ပြီး ပြည်ပမှာ ကူးစက်ခံရသူ လေးဦးကို တွေ့ရှိထားပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်ယောက်၊ ဂျပန်မှာ တစ်ယောက်နဲ့ တောင်ကိုရီးယားမှာ တစ်ယောက်ဖြစ်ပြီး အားလုံးဟာ ဗိုင်းရပ်စ်စတင်ပေါက်ဖွားရာဖြစ်တဲ့ ဝူဟန်ကို ရောက်ရှိခဲ့ကြသူတွေချည်းပါပဲ။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ လတ်တလောမှာ ခရီးသွားလာမှုနဲ့ ကူးသန်းရောင်းဝယ်မှုတွေအပေါ် သတိပေးလမ်းညွှန်ချက် ထုတ်ပြန်ရခြင်း မရှိသေးသော်ငြား ရောဂါကူးစက်ဖြစ်ပွားမှု ဖြစ်လာနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေတဲ့ နိုင်ငံတွေကို လမ်းညွှန်ချက်တွေပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စင်ကာပူ၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တွေမှာ ဝူဟန်ကနေ ပြန်ရောက်လာတဲ့ ခရီးသွား ပြည်သူတွေကို စစ်ဆေးခြင်း (screening) တွေ လုပ်ဆောင်နေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ အဓိကလေဆိပ်သုံးခုဖြစ်တဲ့ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်လေဆိပ်တွေမှာ အလားတူ စစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား-အေအက်ဖ်ပီ
ကလျာမိုးမြင့်