အိမ်ဖြူတော်အကြီးအကဲ ဂျွန်ကယ်လီ နှစ်ကုန်ပိုင်းတွင် ရာထူးမှထွက်ခွာမည်

အမေရိကန် အိမ်ဖြူတော်အကြီးအကဲ ဂျွန်ကယ်လီသည် ယခုနှစ်ကုန်ဆုံးလျှင် ရာထူးတာဝန်များမှ အနားယူတော့မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖီလာဒဲဖီးယားရှိ ကြည်းတပ်နှင့် ရေတပ်ဖွဲ့ ဘောလုံးပွဲသို့မသွားမီ အိမ်ဖြူတော်၌ သတင်းထောက်များအား စကားပြောဆိုခဲ့ရာတွင် ထရမ့်က ကယ်လီအား လူတော်တစ်ယောက်ဟု ပြောဆိုခဲ့သည်။

ကယ်လီသည် ၎င်းနှင့် နှစ်နှစ်နီးပါး အတူလုပ်ကိုင် ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ ၎င်း၏တာဝန် ကျေပွန်မှုကို ထရမ့်က အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ကယ်လီ၏နေရာတွင် ဝင်ရောက်လာမည့်သူကို မကြာခင် ထုတ်ဖော်ကြေညာသွားမည် ဖြစ်သည်ဟု ထရမ့်က ပြောခဲ့သည်။

ဒုတိယသမ္မတ မိုက်ပန့်စ်၏ ရုံးအဖွဲ့အကြီးအကဲ နစ်အေယာစ်ကိုလည်း ကယ်လီ၏နေရာတွင် ခန့်အပ်နိုင်ဖွယ်ရှိ ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် အေယာစ်သည် ကြားကာလ၌ တာဝန်ထမ်းဆောင်မည်ဟု သမ္မတသို့ ပြောကြားခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။

ဂျွန်ကယ်လီ ရာထူးမှအနားယူချိန်တွင် ခန့်အပ်နိုင်ဖွယ်ရှိသူများစာရင်းတွင် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်နှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်တီဇာတို့လည်း ပါဝင်ကြောင်း သိရသည်။

ထရမ့်သည် နိုဝင်ဘာ ၆ ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် အစိုးရအဖွဲ့အစည်းအတွင်း အပြောင်းအလဲများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။

ဆင်ဟွာ