မန္တလေး ၁၀ စက်တင်ဘာ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ၏ ဘိလိယက် Long Up ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိအားကစားရုံ၌ ဆက်လက်ကျင်းပရာ မြန်မာကစားသမားနှစ်ဦး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

 

မြန်မာဘိလိယက်အဖွဲ့သည် Long Up ပြိုင်ပွဲတွင် ကစားသမားရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လေးဦးက အုပ်စုအဆင့်ကျော်လွန်ခဲ့ကာ ၁၆ ဦး ရှုံးထွက်အဆင့်တွင် သုံးဦးအနိုင်ရခဲ့သည်။ မြန်မာကစားသမားများဖြစ်သည့် နေသွေးဦး၊ ချစ်ကိုကိုနှင့် ပေါက်စတို့သည် ရှုံးထွက်အဆင့်တွင် နာမည်ကြီးကစားသမားများကို အနိုင်ကစားခဲ့ပြီး ချစ်ကိုကိုမှာမူ ၂၀၁၈ ပြိုင်ပွဲချန်ပီယံ အက်ဗာနီကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ (၁၆) ဦးရှုံးထွက်အဆင့်တွင် ချစ်ကိုကို (မြန်မာ) အက်ဗာနီ (အိန္ဒိယ) ကို (၆၀၁-၅၃၅) မှတ်၊ နေသွေးဦး (မြန်မာ) က စတီဗင် (သြစတြေးလျ) ကို (၆၀ဝ-၄၀၉) မှတ်၊ ပေါက်စ (မြန်မာ)က ဆစ်ဝါလာ (အိန္ဒိယ) ကို (၆၀၁-၅၂၁) မှတ်၊ ပီတာဂေးလ်ခရစ် (စင်ကာပူ) က မင်းစည်သူထွန်း (မြန်မာ)ကို (၆၀ဝ-၃၈၉) မှတ်၊ ကူမာ (အိန္ဒိယ)က ဆူရန်နာရာရန်နန် (အိန္ဒိယ) ကို (၆၀ဝ-၂၃၄) မှတ်၊ ဒါမာနီ (အိန္ဒိယ)က ဟာရစ် (အိန္ဒိယ) ကို (၆၀၁-၃၈၃) မှတ်၊ ပရာပွတ် (ထိုင်း) က ပါရစ် (အိန္ဒိယ) ကို (၆၀ဝ-၅၂၈) မှတ်၊ မိုက်ရပ်ဆဲလ် (အင်္ဂလန်) က တာကာ (အိန္ဒိယ) ကို (၆၀၁-၃၂၂) မှတ်ဖြင့် အနိုင်ရခဲ့သည်။

 

ကွာတားဖိုင်နယ်ပွဲစဉ်များကို ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ နေသွေးဦး (မြန်မာ) က ဒါမာနီ (အိန္ဒိယ) ကို (၇၅၀-၄၂၆) မှတ်၊ ပေါက်စ (မြန်မာ) က ကူမာ(အိန္ဒိယ) ကို (၇၅၂-၅၁၈) မှတ်ဖြင့် အနိုင်ရပြီး အခြားပွဲတွင် ပီတာဂေးလ်ခရစ် (စင်ကာပူ) က ချစ်ကိုကို (မြန်မာ) ကို (၇၅၁-၅၆၂) မှတ်၊ ပရပွတ် (ထိုင်း) က မိုက်ရပ်ဆဲလ် (အင်္ဂလန်) ကို (၇၅၀-၃၅၁) မှတ်ဖြင့် အနိုင်ရခဲ့သည်။ 

 

ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို စက်တင်ဘာ ၁၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် ပေါက်စနှင် ပီတာဂေးလ်ခရစ်၊ နေသွေးဦးနှင့် ပရပွတ်တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း