အိမ်ရှင်ဘရာဇီးကို အနိုင်ယူကာ ကိုပါအမေရိကဖလားကို အာဂျင်တီးနား ဆွတ်ခူး

ဇူလိုင် ၁၂

ကိုပါအမေရိကဖလား ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားအသင်းနှင့် အိမ်ရှင်ဘရာဇီးအသင်းတို့ပွဲစဉ်ကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးရှိ မာရာကနာ အားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ရာ အာဂျင်တီးနားအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကိုပါအမေရိကဖလားကို (၁၅) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ အာဂျင်တီးနားအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်ကစားသမား ဒီမာရီယာ က သွင်းယူပေးနိုင်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် အာဂျင်တီးနားအသင်းသည် မာတီနက်ဇ်၊ အော့တာမန်ဒီ၊ ဒီမာရီယာ၊ မက်ဆီ စသည့် အဓိက ကစားသမားအများစုဖြင့် ဘရာဇီး အသင်းကို ရင်ဆိုင်လာခဲ့သည်။ ဘရာဇီးအသင်း ကလည်း အားထားရသည့် အီဒါဆင်၊ ဖရက်၊ ကက်စမဲရိုး၊ နေမာ၊ ရစ်ချတ်လီဆန်တို့ဖြင့် အာဂျင်တီးနားအသင်းကို ရင်ဆိုင်လာခဲ့သည်။ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် မှတ်တမ်းသစ်ရေးထိုးနိုင်ရန် အကောင်းဆုံးပြင်ဆင်လာသည့်အတွက် ပွဲစသည်နှင့်တစ်ပြိုင်နက် အပြန်အလှန် ထိုးဖောက်မှုများနှင့်အတူ အကြိတ်အနယ်ရှိခဲ့သည်။ အာဂျင်တီးနားအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၂ မိနစ်တွင် ကွင်းလယ်ကစားသမား ဒီမာရီယာက သွင်းယူပေးနိုင်ခဲ့သည်။ ဘရာဇီးအသင်းသည် အဖွင့်ဂိုးခွင့်ပြုခံရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့သော်လည်း တိုက်စစ်ပိုင်းအဆုံးသတ်မသေချာမှုကြောင့် ချေပဂိုးနှင့် ဝေးကွာခဲ့ရပြီး ပထမပိုင်းကို အာဂျင်တီးနားအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဘရာဇီးအသင်းသည် ဖရက်၏နေရာကို ဖာမီနိုဖြင့် အစားထိုးခဲ့သည်။ ထို့နောက် ဘရာဇီးအသင်းသည် အာဂျင်တီးနားအသင်းကို ဂိုးကန်သွင်းမှုအသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးကစားလာနိုင်ခဲ့သည်။

ပွဲချိန် ၅၂ မိနစ်တွင် ဘရာဇီးအသင်းမှ ရစ်ချတ်လီဆန် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း လူကျွံအနေအထား ရောက်နေသည့်အတွက် နစ်နာခဲ့ရသည်။ ထို့နောက် ပွဲချိန်ပြည့်သည်အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် အာဂျင်တီးနားအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးကိုပါအမေရိကဖလားကို အသင်းသမိုင်းတစ်လျှောက် (၁၅) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ အာဂျင်တီးနားအသင်းသည် အဆိုပါ ဖလားကို ၁၉၉၃ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန် ဆွတ်ခူးနိုင်ခြင်းလည်း ဖြစ်သည်။

ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဂိုးအများဆုံး သွင်းယူသူအဖြစ် အာဂျင်တီးနားအသင်းမှ မက်ဆီနှင့် ကိုလံဘီယာအသင်းမှ ဒီယက်ဇ်တို့က လေးဂိုးစီဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုကို အာဂျင်တီးနား တိုက်စစ်ကစားသမား မက်ဆီက ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို အာဂျင်တီးနားဂိုးသမား အမ်လီယာနို မာတီနက်ဇ်က ရရှိခဲ့သည်။

အောင်ဇော်