မန္တလေး ၁၉ နိုဝင်ဘာ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ရှိ ကြက်သွန်ဖိုရပ်ကွက်တွင် ကြက်သွန်ဖြူ အခွံချွတ်လုပ်ငန်းဖြင့် အိမ်ရှင်မများ အိုးမကွာအိမ်မကွာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလျက်ရှိရာ မိန်းကလေးတစ်ဦးလျှင် နေ့စဉ်လုပ်အားခမှာ အနည်းဆုံး ကျပ် ၆၀၀၀ ကျော်မှ ၇၀၀၀ ကျော်အထိရရှိကြောင်း ကြက်သွန်အခွံချွတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ကြက်သွန်ဖိုရပ်ကွက်တွင် ကြက်သွန်ဖြူပွဲရုံများမှ ကြက်သွန်ဖြူများကိုထုတ်ပေးပြီး အခွံ့ချွတ်ခြင်းကို ပိဿာပြတ်ဖြင့် ပြုလုပ်ကြသည်။ ကြက်သွန်ဖြူများပွဲရုံမှ လာပို့ပြီဆိုပါက အုပ်စုလိုက် အခွံချွတ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။ ကြက်သွန်ဖြူ အခွံချွတ်လုပ်ငန်း လုပ်ကိုင်ရာတွင် ပထမဦးစွာ ကြက်သွန်ဖြူ အမြောင်းကလေးများ ဖြစ်စေရန် ပြုလုပ်ပေးကြရသည်။
ဒုတိယအနေဖြင့် ကြက်သွန်ဖြူ အမြောင်းကလေးများ အပေါ်ယံအခွံဖြူများကို ချွတ်ကြပြီး ဧရာဝတီမြစ်အတွင်း ရေဆေးကြသည်။ ရေဆေးပြီးပါက အခြောက်လှန်းခြင်းမှအစ အဆင့်လိုက် စနစ်တကျပြုလုပ်ကြရသည်။ ရေဆေးပြီး ကြက်သွန်ဖြူများကို စက်ဖြင့်ထပ်ကြိတ်ကာ အခွံ့သင်ကြသည်။ အခွံလုံးဝမပါသော ကြက်သွန်ဖြူအမြောင်းကလေးများ ရရှိလာပါက ဆီဖြင့်ကြော်ခြင်းပြုလုပ်ကာ သန့်စင်သော ကြက်သွန်ဖြူကြော်များကို ရရှိကြသည်။ ကြက်သွန်ဖြူကြော် တစ်ပိဿာလျှင် ငွေကျပ် ၂၉၀၀ မှ ၃၀၀၀ ကျော်အထိ ရောင်းချကြရပြီး ကုန်းကြမ်းဈေးနှုန်း အတက်အကျအလိုက် ကုန်ချောဈေးနှုန်း အတက်အကျရှိကြောင်း သိရသည်။
တိမ်တမန်(မြစ်ငယ်)


