မောင်စော(မွေး/ဆေးတက္ကသိုလ်)

အိမ်ရှင်မများအ‌ရေးပါ
ယနေ့ခေတ် ကမ္ဘာ့နိုင်ငံတော်တော်များများတွင် အိမ်ရှင်မများသည် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံတွင် ဝင်ရောက်လုပ်ကိုင် လာကြပြီဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံနှင့် အချို့ အာရှနိုင်ငံများရှိ မိသားစုအများစုတွင် အိမ်ရှင်မများသည် မိသားစု တစ်ခုလုံး၏ စားရေးသောက်ရေးကို စီမံခန့်ခွဲ နေရဆဲဖြစ်သည်။ အိမ်ရှင်မတို့သည် မိသားစုသက်သာ ချောင်ချိရေးအတွက် ဝင်ငွေထွက်ငွေမျှတအောင်နှင့် မီးဖို ချောင်အတွင်း ငွေယိုပေါက်မရှိအောင်၊ မလစ်ဟင်းရ အောင် စီမံရသကဲ့သို့ အိမ်သူအိမ်သားများ အာဟာရ ပြည့်ဝအောင်၊ ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် အစားအသောက်တို့ကို စီမံချက်ပြုတ်တတ်ရသေး သည်။ အစားအစာကို ပြင်ဆင်ချက်ပြုတ်ခြင်းသည် ပေါ့သေးသေးအလုပ်တစ်ခုတော့ မဟုတ်ပါ။ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သည့် အာဟာရ ဓာတ်များ၊ အလုပ်လုပ်နိုင်စေရန်၊ ခွန်အားဖြစ်စေရန်နှင့် ကျန်းမာအသက်ရှည်စေရန်လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များကို နေ့စဉ် စားသုံးနေသည့် အစားအစာမှ အဓိက ရရှိပါသည်။ နေ့စဉ်စားသောက်သည့် အစားအစာ များသည်လည်း ရောဂါကင်းပြီး သန့်ရှင်းနေရန်လိုပါသည်။ တစ်မိသားစုလုံး သန့်ရှင်းစွာစားသောက်နိုင်ရန်မူ ပြင်ဆင် ချက်ပြုတ်သူသည် အရေးအကြီးဆုံးပင်ဖြစ်ပါသည်။ ထို့ကြောင့် အိမ်ရှင်မများသည် တစ်အိမ်သားလုံးကို အစားအစာ သို့မဟုတ် အသားမှတစ်ဆင့် ရောဂါများ မကူးစက်စေရန် ကာကွယ်ပေးနေရသည့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရပါသည်။


အစားအစာ သို့မဟုတ် အသားမှတစ်ဆင့် ကူးစက်နိုင်သည့်‌ရောဂါပိုးများ

အစားအစာ သို့မဟုတ် အသားမှတစ်ဆင့် အဓိက ကူးစက်နိုင်သော ဗက်တီးရီးယားရောဂါပိုးများမှာ Salmonella, E. coli, Listeria, Staphylococcus နှင့် Campylobacter စသည်တို့ ဖြစ်ကြပါသည်။ ထို‌ရောဂါပိုး များကြောင့် ကိုယ်ပူ၍အဖျားတက်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ မူးဝေအော့အန်ခြင်းနှင့် အစာအဆိပ်သင့် ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ကပ်ပါးရောဂါပိုးများဖြစ် သည့် သန်ကောင်ဥများအပြင် Cryptosporidium နှင့် Amoeba ပရိုတိုဇိုဝါပိုးများသည် အစားအစာမှတစ်ဆင့် ကူးစက်နိုင်ပြီး ၎င်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကိုဖြစ်စေနိုင်ပါသည်။ အသားမှတစ်ဆင့် အဓိကကူးစက် နိုင်သော ကပ်ပါးရောဂါပိုးများဖြစ်သည့် Taenia တုတ်ပြားကောင်၏ သားလောင်းများသည်လည်း ဝက်သားနှင့် အမဲသားတို့တွင် ပါလာတတ်သည်။ ဝက်သားမှတစ်ဆင့် ကူးစက်တတ်သည့် Taenia solium တုတ်ပြားကောင် ကူးစက်ခံရပါက ဦးနှောက်တွင် neurocysticercosis ခေါ် ဦးနှောက်အကျိတ်ရောဂါ ဖြစ်စေနိုင်ပါသည်။


ကြောင်၏ မစင်မှတစ်ဆင့် ကူးစက်တတ်သည့် Toxoplasma gondii ကပ်ပါးပိုးများ၏ အရည်အိတ်ငယ် လေး (cyst)များလည်း ချက်ပြုတ်မည့်အသားတွင် ပါလာ တတ်သည်။ အဆိုပါ ကပ်ပါးပိုးသည် ကြောင်၏အူလမ်း ကြောင်းတွင်နေထိုင်ကာ ကြောင်၏မစင်မှ oocyst အဆင့် ကို တိုက်ရိုက် သို့မဟုတ် အသားမှတစ်ဆင့် cyst ကို စားမိရာမှ လူသို့ကူးစက်စေခြင်းဖြစ်ပါသည်။ သာမန်လူတွင် ရောဂါလက္ခဏာပြသလေ့မရှိသော်လည်း ကိုယ်၀န်ဆောင် မိခင်များတွင်မူ ဆိုးကျိုးများ အလွန်ဖြစ်စေနိုင်ပါသည်။ သန္ဓေသားတွင် မူမမှန်လက္ခဏာများဖြစ်သည့် ဦးနှောက် တွင်း ရေစုဝေးကာ ဦးခေါင်းကြီးလာခြင်း၊ မျက်လုံးတစ်ဖက် ကျဉ်း၊ တစ်ဖက်ကျယ်ဖြစ်စေခြင်း၊ ဦးနှောက်ပုံမှန်ဖွံ့ဖြိုးမှု မရှိတော့ခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်း သူများ (ဥပမာ- AIDS ရောဂါ ဝေဒနာရှင်များ)တွင် ဆိုးရွား စွာ ဝမ်းပျက်ဝမ်းလျှောရာမှ အသက်ဆုံးရှုံးစေခြင်း စသည့် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။


အစားအစာ သို့မဟုတ် အသားတွင်ရောဂါပိုးများ ပါလာရသည့်အကြောင်းရင်းများ


ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် မွေးမြူ‌ရေးတိရစ္ဆာန် များကို Biosecurity (ဇီဝလုံခြုံရေး) ဟုခေါ်သော ခြံထဲသို့ရောဂါသယ်ဆောင်နိုင်ခြေရှိသည့် မည်သည့်သတ္တဝါများ ကိုမျှ မဝင်ရောက်၊ မထိတွေ့နိုင်အောင်စီမံကာ လုံခြုံစွာ မွေးမြူလေ့ရှိကြပါသည်။ မြန်မာနိုင်ငံတွင်လည်း Biosecurity မြင့်မားစွာမွေးမြူသည့် ခေတ်မီခြံများဖြင့် မွေးမြူလာကြပြီဖြစ်သော်လည်း တစ်နိုင်ငံလုံးအနေဖြင့် လွှမ်းခြုံနိုင်ခြင်းမရှိသေးပါ။ တစ်နိုင်တစ်ပိုင် မွေးမြူရေးစနစ် မှထွက်ရှိလာသည့် အသားများကိုသာ အဓိက အားထားနေရ ဆဲဖြစ်ပါသည်။ အသားဖြစ်သွားပြီးနောက် cold chain စနစ်ဖြင့် ထုပ်ပိုးရောင်းချနိုင်ခြင်းလည်း မြို့ကြီးအချို့တွင် သာ ရရှိနိုင်ပါသေးသည်။ Open market ခေါ် ရပ်ကွက်ဈေးရှိ အသားရောင်းချသည့် အသားရုံများကိုသာ အဓိကအားထား နေရပါသေးသည်။ အချို့အသားရောင်းချသူတို့သည် အသားတစ်မယ်သာမက ကြက်သား၊ ဝက်သား၊ ငါး စသည် ဖြင့် အမယ်အမျိုးမျိုးကို တစ်နေရာတည်းတွင် ခင်းကျင်းရောင်းချ လေ့ရှိပါသည်။ Biosecurity မမြင့်မားပါက တိရစ္ဆာန် အရှင်တွင် ရောဂါပိုးများ ဝင်ရောက်နိုင်သကဲ့သို့ အသား အဖြစ်သို့ ရောက်ရှိပြီးနောက်လည်း ကိုင်တွယ်သူ၏ လက်မှ တစ်ဆင့် (သို့မဟုတ်) အခြားအသားမှတစ်ဆင့်လည်း အဆိုပါရောဂါပိုးများ စားသုံးမည့်အသားတွင် ပါလာနိုင်ပါ သည်။


ရောဂါပိုးများအား ကာကွယ်နည်းများ


အသားမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါပိုးအများစု သည် အသားကိုကျက်အောင်ချက်စားခြင်းဖြင့် လူကို မကူးစက်အောင် ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ ရိုးရာနည်းဖြင့် ဟင်းလျာများကို ချက်ပြုတ်စားသောက်ပါ က ရောဂါပိုးများကူးစက်မည်ကို စိုးရိမ်စရာမလိုပါ။ သို့သော် ယနေ့မြို့ကြီးများတွင် မကျက်တကျက် အသားကင်များနှင့် အစိမ်းစားရသည့်အသားငါးများကို အခြေခံသည့် ခေတ်မီဟင်းလျာများ လူကြိုက်များပြီး ခေတ်စားလာသည်ကို တွေ့ရပါသည်။ အထက်၌ တင်ပြခဲ့ သည့် ဇီဝလုံခြုံမှုမြင့်မားစွာ ကောင်းမွန်သည့်နည်းစနစ် များဖြင့် မွေးမြူထုတ်လုပ် ထုပ်ပိုးထားသည့် အသားဖြစ် ပါက ရောဂါဖြစ်မည်ကို မစိုးရိမ်ရသော်လည်း ရာဇဝင် ကောင်းစွာ မသိသည့် အသားများကိုမူ သတိနှင့်ယှဉ်၍ စားသောက်သင့်ပါသည်။


အိမ်ရှင်မများဆောင်ရန်ရှောင်ရန်အချက်များ
နိဂုံးချုပ်အနေဖြင့် အိမ်သူအိမ်သားများအားလုံး ဘေးကင်းသည့် အစားအစာများ စားသုံးနိုင်ရေးအတွက် စားရေးသောက်ရေးကို စီမံခန့်ခွဲနေရသည့် အိမ်ရှင်မ များကို WHO ၏ အကြံပြုထားသည့် အချက်(၅)ချက်ကို အခြေခံပြီး အောက်ပါအတိုင်း အကြံပြုလိုက်ပါရစေ။


(၁) အစားအသောက် ပြင်ဆင်ချက်ပြုတ်ခြင်းမပြုမီ လက်ဆေးရပါမည်။ အထူးသဖြင့် ယခုလို ကိုဗစ်-၁၉ ကာလမှာ ပိုမိုဂရုစိုက်ကာ စျေးသွားစျေးပြန်လက်ဆေး ရပါမည်။ မိမိ၏ကလေးများကိုလည်း လက်ဆေးသည့် အလေ့အကျင့် ပြုလုပ်ပေးရပါမည်။


(၂) စဉ်းတီတုံး၊ ဓားစသည်တို့ကို အသား၊ ငါးအတွက် အသုံးပြုရန်နှင့် ဟင်းသီးဟင်းရွက်အတွက် အသုံးပြုရန် သီးခြားစီထားရှိရပါမည်။ အသားလှီးသည့် စဉ်းတီတုံးကို သေချာစွာမဆေးဘဲ အစိမ်းသုပ်မည့်အရွက်များကို အလွယ်တကူလှီးမိပါက စဉ်းတီတုံးပေါ်တွင် ကပ်ကျန် နေသည့် အသားတွင်ပါရှိသော ရောဂါပိုးများနှင့် ကပ်ပါး ၏ cyst များ ပါးစပ်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားနိုင် ပါသည်။


(၃) အသားများကို ကျက်အောင် ချက်ရပါမည်။ ဟင်းမကျက်ခင် မြည်းကြည့်ခြင်းမပြုလုပ်ရပါ။ (အနည်း ဆုံး ၇၅ ဒီဂရီစင်တီဂရိတ်ခန့်ပူသည့် အပူချိန်တွင် ချက်ပြုတ်ပါက ရောဂါပိုးနှင့် ကပ်ပါး cyst များ ပျက်စီး နိုင်ပါသည်။)
(၄) အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သင့်တင့် လျောက်ပတ်သည့် အပူချိန်တွင်ထားရှိရပါမည်။ အသား စိမ်းများကို အေးခဲအောင် သိုလှောင်ထားခြင်းဖြင့်လည်း cyst များ ပျက်စီးစေနိုင်ပါသည်။


(၅) အသားနှင့် ဟင်းသီးဟင်းရွက်များအား ရေကောင်း ရေသန့်ဖြင့် စင်ကြယ်အောင် ဆေးကြောပြီးမှသာ စားသုံး ရပါမည်။ အသီးအရွက်များတွင် ဓာတုဆေးဝါးများ၊ ပိုးသတ်ဆေးများလည်း ပါဝင်လာနိုင်ခြင်းကြောင့် ရေဖြင့် စင်ကြယ်အောင် ဆေးကြောရန်လိုအပ်ပါသည်။ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ကိုင်တွယ်ပြီးတိုင်းလည်း လက်ဆေးရပါမည်။ အကယ်၍ အိမ်ခြံဝင်းရှိ ဟင်းသီး ဟင်းရွက် ဥယျာဉ်တွင် မြေတူးမြေဆွ အပင်စိုက်ပျိုးခြင်း ပြုလုပ်ပါက လက်အိတ်စွပ်ရန် သို့မဟုတ် လုပ်ငန်းပြီးပါက လက်ဆေးရပါမည်။ (ကြောင်များသည် အိမ်နောက်ဖေးခြံ စိုက်ခင်းများတွင် မစင်စွန့်လေ့ရှိသဖြင့် ဖြစ်ပါသည်)။