မြိတ် အောက်တိုဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမ၌ ကျင်းပသည့် မြိတ်မြို့နယ်တွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေးကတ်ဆိုသည်မှာ နိုင်ငံအတွင်းနေထိုင်သူ နိုင်ငံသားအားလုံး နိုင်ငံတော်၏ တရားဝင်အခွင့်အရေးများ ရရှိအောင်၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရအောင်၊ နေ့စဉ် တိုင်းရင်းသား ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပိုင်ဆိုင်မှုရေးရာ အရပ်ရပ်တို့အတွက် နိုင်ငံတော်၏ပံ့ပိုးမှု၊ နိုင်ငံတော်၏ စောင့်ရှောက်မှုကို တရားဝင်ခံယူရရှိနိုင်အောင် ဒီနိုင်ငံ၏ နိုင်ငံသားတစ်ယောက်အဖြစ် အသိအမှတ်ပြုထားသည့် နိုင်ငံသား အမှတ်အသား အထောက်အထား တစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မည်သည့်လက်မှတ်မှ ကိုင်ဆောင်ထားခြင်း မရှိသူ တစ်သိန်းတစ်သောင်းကျော် ရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုအရ ပန်းခင်းစီမံချက်ကိုရေးဆွဲပြီး တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများအားလုံး၏ လက်ဝယ်တွင် ကိုင်ဆောင်လက်မှတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကိုင်ဆောင်ခွင့် ရရှိစေရေးအတွက် နိုင်ငံတော်မှ အကုန်ကျခံ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြိတ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပြီးစီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ပြည်သူများအား ပေးအပ်ခဲ့ကြသည်။ အခမ်းအနားတွင် အောက်တိုဘာ ၁ ရက်မှ ၆ ရက်အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၆၈) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၂၈၄) စောင် ပေးအပ်ခဲ့သည်။ မြိတ်မြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မေ ၃ ရက်မှ ယနေ့အထိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၃၂၁) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၄၇၉၀)စောင် ဆောင်ရွက်ပြီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုလဲရတနာခန်းမတွင် ကျင်းပသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် Volunteer များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်၍ ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် မြိတ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် Volunteer များအား ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်၍ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ထောက်ပံ့ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများကိုယ်စား ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် ထောက်ပံ့ငွေအဖြစ် တပ်မတော်ဆေးဝန်ထမ်းများအား ကျပ်သိန်း (၇၀)၊ ကျန်းမာရေးဝန်ထမ်းများအား ကျပ်သိန်း (၇၀)၊ ပရဟတိအဖွဲ့များအား (၈၅) သိန်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့အား (၁၅) သိန်းနှင့် ထောက်ပံ့ပစ္စည်းများအဖြစ် ကျပ်သိန်း (၆၀) တန်ဖိုးရှိ အမျိုးသားဝတ်အင်္ကျီ၊ အမျိုးသမီးဝတ်အင်္ကျီနှင့် လုံချည် (၂၀၆) ထည်၊ ဘီစကွတ်မုန့် (၁၁၀၀) ဘူး၊ ကြက်ဉဘဲဉ (၃၀၀၀) လုံး၊ ငှက်ပျောခိုင် (၃၀) ၊ စတီးချိုင့် (၁၁၂) လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒသကြီး (ပြန်/ဆက်)