ထားဝယ် စက်တင်ဘာ ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်အးနားကို ယနေ့နံနက် ၈ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပန်းခင်းစီမံချက်ဖြင့် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၌ (၅) ရက်ကြာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းတို့ကို ပေးအပ်မည့် အခမ်းအနားဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ပြည်သူအားလုံးကို ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းတို့ကို ရရှိကိုင်ထားစေလိုကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့ကစပြီး ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံအတွင်း နေထိုင်သူ ပြည်သူအားလုံး၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်နှင့် နေ့စဉ် တိုင်းရင်းသားပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပိုင်ဆိုင်မှုရေးရာများ အသုံးပြုနိုင်ရန် နိုင်ငံသားကတ်သည် အရေးကြီးကြောင်း၊ မြေဂရမ်၊ ယာဉ်မောင်းလိုင်စင်၊ အလုပ်အကိုင်၊ နိုင်ငံရပ်ခြား သွားရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း စသည့် လူမှုဘဝတွင် နိုင်ငံသားကတ်သည် မရှိမဖြစ် လိုအပ်ကြောင်း၊ လဝကရုံးအနေနှင့် တစ်နိုင်ငံလုံးမှာရှိသော မြို့နယ်ရုံးများ၌ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အောင်မြင်စေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို တိုင်းဒေသကြီးအတွင်း ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆိုသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်တွင် သွားရောက်လျှောက်ထားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃) က ၂၉၆ ခု၊ (၁၈) နှစ်ပြည့် ၆ (က) ၁၁၁ ခု၊ လဲလှယ် ၇၂ ခု၊ မိတ္တူ ၅၂ ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (ဃ) ဖြင့် အိမ်ထောင်စု (၆) ခု၊ ပုံစံ (ဂ) ဖြင့် အိမ်ထောင်စု (၂၃) ခု၊ အိမ်ထောင်စုလူဦးရေစာရင်း (၃၀)၊ အိမ်ထောင်စုလူဦးရေစာရင်း (မိတ္တူ) (၂၅) ခုတို့ကို ပြည်သူများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)