မြင်းခြံ ၈ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် Myanmar Beauty Pageant Organization မှ ကျင်းပသော အိမ်ထောင်ရှင်အလှမယ် (မြင်းခြံ) ရွေးပွဲကို  ယမန်နေ့ ညနေ ၅ နာရီမှ ကျင်းပခဲ့ကြောင်း သိရသည်။

 

အိမ်ထောင်ရှင် အလှမယ်ရွေးပွဲတွင် အလှမယ် (၃၅) ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးဆောင်စီစဉ်သူ အလှမယ်ဆုရ ခိုင်သွယ်ပါဝင်သော ဒိုင်အဖွဲ့မှ ဆုများကို အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။ ဆုရရှိသူများထဲမှ မြင်းခြံမြို့ကိုယ်စားပြု (၅) ဦးကို ရန်ကုန်မြို့တွင် ပြုလုပ်မည့် အိမ်ထောင်ရှင် အလှမယ် ရွေးပွဲသို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခုပွဲတွင် Crown (၁၁) ဆု၊ Title (၁၀) ဆု ချီးမြှင့်သွားမည် ဖြစ်သည်။ ၎င်းအပြင် အိမ်ထောင်ရှင် အလှမယ်ရွေးပွဲအတွက် ကြည့်ရှုခွင့်လက်မှတ် ကြိုတင်ရောင်းရငွေများကို ဘိုးဘွားရိပ်သာ၊ နာရေးကူညီမှုအသင်း၊ ဧရာဝတီသွေးလှူရှင်အသင်း အစရှိသည့် လူမှုရေးအသင်းများကို တစ်သင်းလျှင် ငွေကျပ် ၂၅၀ဝ၀ဝ ဖြင့် အသင်း (၇) သင်းအတွက် စုစုပေါင်း ငွေကျပ် ၁၇၅၀ဝ၀ဝ ကိုလည်း ပွဲစီစဉ်သူ အလှမယ်ခိုင်သွယ်မှ ပေးအပ်ရာ လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။ ထို့အပြင် ပွဲကျင်းပစဉ်အတွင်း ရရှိသည့်ငွေများကို မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အိမ်ထောင်ရှင် အလှမယ်ရွေးပွဲ (Mrs Tourism Beauty Queen Myingyan 2018) ရွေးချယ်ပွဲကို မြင်းခြံမြို့မှ ပြည်သူများ လာရောက်အားပေးခဲ့ကြပြီး ရရှိသည့်ငွေများကို ယခုလို ပြန်လည်လှူဒါန်းပေးသဖြင့် မြို့လူထုမှလည်း ဝမ်းသာလျက်ရှိကြောင်း သိရသည်။

 

ဦးဇော်မင်းနိုင် (မြင်းခြံ)