မင်းဘူး ၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲ စသည့် မြို့နယ်လေးမြို့နယ်ရှိ ကျေးရွာ(၃၇)၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ယူနီဆက်၊ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ရေပေးရေး စနစ်ကို လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေများ တင်ပြတောင်းခံပြီး ဦးစားပေးအလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အိမ်တိုင်ရာရောက် ရေပေးရေးစနစ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ယူနီဆက်၊ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ မင်းဘူးခရိုင် အတွင်းရှိ မင်းဘူးမြို့နယ်အတွင်းမှ ကျေးရွာခုနစ်ရွာ၊ စလင်းမြို့နယ်အတွင်းမှ ကျေးရွာ(၁၁)ရွာ၊ ပွင့်ဖြူမြို့နယ်အတွင်းမှ ကျေးရွာ (၈)ရွာ၊ ငဖဲမြို့နယ်အတွင်းမှ ကျေးရွာ(၁၁)ရွာ စုစုပေါင်း ကျေးရွာ (၃၇)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျားထား ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ စလင်းမြို့နယ်မှ ဘန့်ပြင်ကျေးရွာ၊ ပွင့်ဖြူမြို့နယ်မှ နဘဲကုန်းကျေးရွာ၊ ငဖဲမြို့နယ်မှ ကျေးရွာ ခုနစ်ရွာတို့တွင် လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျေးရွာများကိုလည်း လာမည့်ဘဏ္ဍာရေးနှစ် တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောပြ၍ သိရသည်။
အဆိုပါ အိမ်တိုင်ရာရောက် ရေပေးရေးစနစ်များကို ပြည်သူ၊ ကျေးလက်၊ ယူနီဆက်အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယူနီဆက်မှ ကျေးရွာတွင်း ပိုက်များသွယ်တန်းရာတွင် လိုအပ်သည့် ရေသွယ်ပိုက်များနှင့် ဆိုလာစနစ်ဖြင့် ဆောင်ရွက်သည့် ကျေးရွာများအတွက် ဆိုလာပြား၊ ဆိုလာပန့်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ကျေးရွာနေပြည်သူများမှ အမြင့်တင် ရေစင် တည်ဆောက်ခြင်း၊ ပိုက်ဆက်ပစ္စည်းနှင့် ရေမီတာများဝယ်ယူခြင်းနှင့် ရေပိုက်လိုင်းတူးဖော်ခြင်းလုပ်ငန်းများအား လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပိုက်လိုင်းဒီဇိုင်းရေးဆွဲခြင်းနှင့် လိုအပ်သည့် နည်းပညာ အကူအညီဖြင့်လည်းကောင်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၃၇)ရှိ အိမ်ခြေ(၅၃၂၃)၊ လူဦးရေ (၂၃၃၈၁)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အချိန်ကုန်သက်စွာဖြင့် သောက်သုံးရေများ ဖူလုံစွာရရှိစေမှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


