မကွေး ၁၇ ဇွန်     


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သံဘိုလေးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် အိမ်တိုင်ရာရောက်သောက်သုံးရေရရှိရေးအတွက် ဂါလန် ၂၄၀ဝ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို မတ်လ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ယခင်က သံဘိုလေးကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် ကျေးရွာပိုင်အများသုံးစက်ရေတွင်းမှ နွားလှည်း၊ တွန်းလှည်း၊ သုံးဘီးဆိုင်ကယ်များ၊ ပခုံးထမ်း၊ ခေါင်းရွက်များဖြင့် ရယူသုံးစွဲခဲ့ကြသည်။ ကျေးရွာနေပြည်သူများ  အဆိုပါ ကျေးရွာပိုင်အများသုံးစက်ရေတွင်းမှ အိမ်တိုင်ရာရောက် သောက်သုံးရေများ ရယူသုံးစွဲနိုင်စေရေး ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း(၇၀)၊ စုစုပေါင်း ငွေကျပ်သိန်း ၁၇၀ ဖြင့် ဂါလန် ၂၄၀ဝ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်း (၂၈၄၉၀) ပေ သွယ်တန်းခြင်း လုပ်ငန်းများကို မတ်လ ပထမတ်ပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြ သည်။


အဆိုပါ အိမ်တိုင်ရာရောက် ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ( ၂၄၅ )၊ လူဦးရေ( ၆၂၁ ) နှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ရေတစ်ယူနစ်(ဂါလန် ၂၂၀)လျှင် ကျပ် ၇၀ဝ နှုန်းဖြင့် သောက်သုံးရေများဖူလုံစွာ သုံးစွဲနိုင်တော့မှာဖြစ်ကြောင်း ကျေးရွာဒေသခံပြည်သူများထံမှ သိရသည်။


မကွေးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် သံဘိုလေးကျေးရွာအပါအဝင် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် တွင် ကျေးရွာ(၁၃)ရွာ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)၊ ပြည်သူ ထည့်ဝင်ငွေများဖြင့် ကျေးရွာအဝင်မြေနီကျောက်စရစ် လမ်းခြင်းလုပ်ငန်းသုံးခု၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှစ်ခု၊ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းနှစ်ခု၊ ကျေးရွာမီးလင်းရေးအတွက် ၄၀ဝ ဗို့ ဓါတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်ခြင်း လုပ်ငန်း သုံးခု၊ ဘက်စုံသုံးခန်းမဆောက်လုပ်ခြင်း လုပ်ငန်းနှစ်ခု၊ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း လုပ်ငန်းတစ်ခု၊ စုစုပေါင်း လုပ်ငန်း (၁၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ကျော်ဦး(ရွှေညာမြေ)