ခုတလော အပြင်လည်း သိပ်မထွက်ဖြစ်ဘူး၊ အလုပ်လုပ်တာတောင်  Work from homeဆိုတော့ နည်းနည်းတော့ ပျင်းဖို့ကောင်းမှာပါ။ ပတ်ဝန်းကျင်နဲ့လည်း အရင်လို ထိတွေ့မှု မရှိဘူးလေ။ ဒီလိုကာလမှာ ဝါသနာအသစ်လေး တစ်ခုလောက် အကြံပြုချင်ပါတယ်။ ဒါကတော့ indoor  plant အိမ်တွင်းအပင်လေးတွေ စိုက်တာပါ။ အပင်စိုက်တယ်ဆိုတာ အိမ်မွေး တိရစ္ဆာန်လေးတွေ မွေးသလိုပါပဲ။ ပုံမှန် ဂရုစိုက်ရတာပါ။ ခုခေတ်မှာ အရင်လို မြေနေရာ ကျယ်ကျယ်ရှိမှ အပင်စိုက်လို့ရတာ မဟုတ်ပါဘူး။ တိုက်ခန်းနဲ့ နေတဲ့သူတွေဆိုရင်လည်း အိုးသေးသေးလေးတွေနဲ့ တစ်နိုင်တစ်ပိုင် စိုက်လို့ရနေပါပြီ။ ကရိကထလည်း မများ၊ မျက်စိပတာဒလည်းဖြစ်တဲ့ အိမ်တွင်းအပင်လေးတွေက ကိုယ့်ကို ကျန်းမာရေး အရ ဘာကောင်းကျိုးလေးတွေ ပေးနေလဲဆိုတာ ကြည့်ကြည့်ရအောင်။

 

အိမ်တွင်းအပင်လေးတွေရဲ့ ကျန်းမာရေးကောင်းကျိုး

 

•              ဓာတ်မတည့်မှုတွေကို သက်သာစေတယ်။

 

ပညာရှင်တွေက အပင်လေးတွေရှိနေတဲ့အခန်းက မရှိတဲ့အခန်းထက်စာရင် ဖုန်နဲ့ မှိုတွေပိုနည်းတယ်လို့ ဆိုပါတယ်။ အပင်ရဲ့ အရွက်နဲ့ တခြားအစိတ်အပိုင်းတွေက ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ allergens တွေနဲ့ လေထဲက အမှုန်တွေကို သဘာဝအတိုင်း စစ်ထုတ်ပေးနိုင်ပါတယ်။ ဓာတ်မတည့် ရောဂါရှိတဲ့ သူတွေက အိမ်မှာစိုက်မယ်ဆိုရင် ဝတ်မှုန်တွေ အမှုန်တွေထွက်တဲ့ အပင်တွေ မစိုက်သင့်ပါဘူး။

 

•           စိတ်ကို ပျော်ရွှင်စေတယ်

 

အပင်လေးတွေက သင့်ပတ်ဝန်းကျင်ကို လှပစေရုံသာ မဟုတ်ပါဘူး။ သင့်စိတ်ကိုလည်း ကြည်စေ ပါတယ်။ အလုပ်ခန်းထဲမှာ အပင်စိုက်ထားလေ့ရှိတဲ့သူတွေက အလုပ်လုပ်လို့ ပိုကောင်းတယ်၊ စိတ်ဖိစီးမှုနည်းပြီး ခွင့်ယူတဲ့ရက်တွေ နည်းတာကို တွေ့ရပါတယ်တဲ့။ ပန်းလေးတွေ ပွင့်တဲ့အပင်မျိုးဆို ပိုတောင်ကောင်းပါသေးတယ်။ ပန်းရောင်စုံလေးတွေက သင့်စိတ်ကို ပိုပြီး တက်ကြွစေမှာပါ။

 

•           အစိုဓာတ်ကို ထိန်းပေးတယ်

 

အခန်းထဲမှာ ဖွင့်ထားတဲ့ အဲကွန်းတွေက လေထုကို ခြောက်သွေ့စေပါတယ်။ အထူးသဖြင့် ဆောင်းတွင်း မှာပေါ့။ ဒီလို စိုထိုင်းဆနည်းနေမယ်ဆိုရင် အအေးမိ တုပ်ကွေး ဖြစ်လွယ်တယ်။ အသားခြောက် တာကြောင့် အသားတွေ ယားလာမှာပါ။ Spider plantလေးတွေဆိုရင် လေထု စိုထိုင်းဆကို ၂၀ကနေ ၃၀ရာခိုင်နှုန်းထိ တင်ပေးနိုင်ပါတယ်။

 

•           လေထုကို သန့်စင်ပေးတယ်

 

အခန်းထဲမှာ ခင်းထားတဲ့ ကော်ဇောတွေ၊ ပရင်တာက ဆေးတွေ၊ တခြား ဓာတုဗေဒပစ္စည်းတွေက volatile organic compounds လို့ ခေါ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ပစ္စည်းတွေ ထုတ်ပေးပါတယ်။ ဒါတွေက များလာရင် မျက်လုံးနဲ့ အရေပြားကို ထိခိုက်နိုင်တယ်။ ပန်းနာရင်ကြပ်အခံရှိရင် ပိုဆိုးလာ နိုင်တယ်။ ကြာလာရင် အသက်ရှူမဝတာတွေ ဖြစ်နိုင်ပါတယ်။ အိမ်တွင်းအပင်လေးတွေက ဒီပစ္စည်းတွေကို စုပ်ယူသန့်စင်ပေးတဲ့အတွက် လေထုကို သန့်စင်စေပါတယ်။

 

•           ဆေးဖက်ဝင်အပင်လေးတွေက ကျန်းမာရေး ပြဿနာကို ဖြေရှင်းပေးနိုင်တယ်

 

ပူဒီနံလို အပင်လေးတွေက အစာမကြေ၊ ရင်ပြည့်ရင်ကယ်တာတွေကို သက်သာစေပါတယ်။ နောက်ပြီး ဒီအရွက်လေးကို ရေနွေးစိမ်သောက်ပေးတာက အနံ့သင်းသင်းလေးနဲ့ စိတ်ကို ကြည်စေပါတယ်။ ဒါက ဥပမာပြောတာပါ။ ဒီလိုအပင်လေးတွေ များများစိုက်ထား ရင်  ပျော်စရာကြီးပေါ့။

 

•           ပန်းနံ့လေးတွေက စိတ်ကိုကြည်စေတယ်

 

အနံ့သင်းသင်းလေးနဲ ပန်းပွင့်တဲ့အပင်လေးတွေက စိတ်ကို ကြည်စေမှာ အမှန်ပါပဲ။ အိပ်ရာဝင်ခါနီးရင် ပန်းနံ့လေးတွေ ရနေတာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။ စိတ်တည်ငြိမ်စေပြီး စိတ်ရှုပ်ထွေးမှုကို သက်သာစေတယ်လို့လည်း ဆိုကြပါတယ်။

 

•           ထိခိုက်ဒဏ်ရာတွေ အတွက်လည်း သုံးနိုင်တယ်

 

ရှားစောင်းလက်ပပ်စိုက်ထားတဲ့သူဆို အဆင်ပြေပါတယ်။ နေလောင်တာတွေ၊ သာမန်အပူလောင် တာတွေဆို သူ့ကို အလွယ်တကူယူပြီး လိမ်းလို့ရပါတယ်။ ဆိုရီယေးစစ်လို အရေပြား ပြဿနာတွေ အတွက်လည်း အယားသက်သာအောင် လိမ်းပေးလို့ရပါတယ်။ အလှအပအတွက်ဆိုရင်လည်း လက်တစ်ကမ်း အကွာမှာတင် ယူသုံးလို့ရတယ်နော်။

 

•           နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်

 

အပင်တွေက လူတွေနဲ့ ပြောင်းပြန် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ယူသုံးပြီး အောက်ဆီဂျင်ကို လေထုထဲ ထည့်ပေးပါတယ်။ Gerbera daisiesလိုမျိုး ဆိုရင် နေဝင်သွားတာနဲ့ အောက်ဆီဂျင်ကို စထုတ် ပေးနေပါပြီ။ ဒီလိုအပင်မျိုးလေးတွေကို အိပ်ရာနားမှာ ထားမယ်ဆိုရင် အောက်ဆီဂျင် လုံလုံလောက်လောက်ရတာကြောင့် သင့်ကိုပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။

 

•           စိတ်ဖိစီးမှုကို လျော့ကျစေတယ်

 

နေ့တိုင်း စိတ်ဖိစီးတွေကြောင့် မပျော်နိုင်ဖြစ်နေပြီလား။ နဂါးဂမုန်းလို အပင်မျိုးတွေ စိုက်ကြည့်ပါ။ သူတို့က စိတ်ကို ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှုများနေရင် လူက သွေးတိုးမယ်၊ နှလုံးခုန်နှုန်းတွေ မြန်မယ်၊ ကော်တီဇော ဟော်မုန်းတွေ ထွက်လာပါလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အပင်လေးတွေ ရှိနေတာက စိတ်ကို တည်ငြိမ်စေပါလိမ့်မယ်။

 

•           အာရုံစူးစိုက်မှုကို ကောင်းစေတယ်

 

အပင်လေးတွေက အာရုံစူးစိုက်မှုကို ကောင်းစေပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ စာသင်ခန်းထဲမှာ အပင်လေးတွေ ထည့်စိုက်ထားတာက ကလေးတွေကို သင်္ချာ၊ သိပ္ပံနဲ့ စာလုံးပေါင်းတွေမှာ ပိုတော်တာကို တွေ့ရပါတယ်တဲ့။

 

•           နာလန်ထ မြန်စေတယ်

 

ဆေးရုံသွားရင် ပန်းစည်းလေးတွေ ယူသွားတာ၊ ပန်းအိုးသေးသေးလေးတွေ လက်ဆောင်ပေးတာ ဘာကြောင့်လို့ထင်လဲ။ သူတို့က လှရုံပဲ မဟုတ်ဘဲ နာလန်ထတာကိုပါ မြန်စေပါတယ်တဲ့။ လေ့လာချက်တွေအရ ခွဲစိတ်ထားတဲ့လူနာတွေဟာ အနီးအနားမှာ အပင်လေးတွေ ရှိရင် ဒါမှမဟုတ် အခန်းကနေ အပင်လေးတွေကို မြင်နေရရင် ပိုပြီး အနာခံနိုင်သလို၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ရတာလည်း နည်းသွားပါတယ်တဲ့။

 

•           စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို သက်သာစေခြင်း

 

တချို့ ပညာရှင်တွေက စိတ်ကျရောဂါ၊ schizophreniaနဲ့ တခြား စိတ်ရောဂါရှိတဲ့ သူတွေကို အပင်စိုက်ဖို့ တိုက်တွန်း တတ်ပါတယ်။ အပင်တစ်ပင်ကို ပြုစုပျိုးထောင်တာက စိတ်ဖိစီးမှုကို နည်းစေတယ်။ အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။ ဒါ့ပြင် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရဖူးတဲ့သူတွေ၊ သတိမေ့တတ်တဲ့ သူတွေမှာလည်း ကုထုံးတစ်ခုအနေနဲ့ သုံးလို့ရပါတယ်။

 

အိမ်ထဲမှာ အပင်လေးတွေ စိုက်တာက ဒီလောက်ထိ ကောင်းကျိုးများလိမ့်မယ်လို့ ထင်မထားခဲ့ ဘူးမလား။ ဒီလိုကောင်းကျိုးလေးတွေ ရှိနေတာကြောင့် ခုကစပြီး အိမ်ထဲမှာ အပင်လေးတွေ စစိုက်ကြည့်ရအောင်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”