နေပြည်တော် အောက်တိုဘာ ၂၅
ပြည်နယ်အတွင်း လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး ပညာသင်တန်းကျောင်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသူများသည် အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူများဖြစ်အောင် အစဉ်ကြိုးစား၍ အိမ်တွင်းမှု ပညာရပ်များကို အသုံးချကာ တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများနှင့် ဒေသအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ပေးရန် လိုကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားသည်။
မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်ကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၅)နှင့် မွန်ရိုးရာ လက်ယက်ကန်း သင်တန်းအမှတ်စဉ်(၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသူများအတွက် အိမ်တွင်းမှုသက်မွေးပညာရပ်များကို တတ်မြောက်သည်အထိ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်ရန် ပံ့ပိုးပေးလျက်ရှိကြောင်း၊ အပ်ချုပ်စက်များ အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် ညှိနှိုင်း၍ အထည်ချုပ် စက်ရုံများတွင် အလုပ်အကိုင်များ ရရှိရေးအတွက် စီစဉ် ဆောင် ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်း ကျောင်းဆိုင်ရာ အချက် အလက်များနှင့် သင်တန်းဖွင့်လှစ်သင်ကြားမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံး၌ ပြုလုပ်သည့် ကြက်ခြေနီအသင်း Emergency Medical Responder – Ambulance Training ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကြက်ခြေနီ မောင်၊ မယ်များအနေဖြင့် သင်တန်းမှ ပို့ချသည့် ဘာသာရပ်များကို လေ့လာ မှတ်သားပြီး ပြန်လည်အသုံးချခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူမှုကရုဏာလုပ်ငန်းများကို ကျရာနေရာမှ စွမ်းစွမ်း တမံဆောင်ရွက်ပေးကြ စေလိုကြောင်း မှာကြားခဲ့ပြီး ကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်မှု ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါ သင်တန်းကို အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲ အသီးသီးမှ အရေးပေါ်လူနာတင်ယာဉ် လုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)