၂၂ မေ
အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း(ISRO)က ရေဒါပုံဖော်မြေပြင်လေ့လာရေးဂြိုလ်တု RISAT-2B ကို ယနေ့မနက်က အောင်မြင်စွာ ပစ်လွှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိန္ဒိယတောင်ပိုင်း အန်ဒဟာ ပရာဒတ်ချ် ရှိ ဘင်္ဂလားပင်လယ်အော်ကမ်းလွန် သီရိဟရီကိုတာ တွင် ဒေသစံတော်ချိန် မနက် ၅ နာရီ ၃၀ မိနစ် က ဒုံးပျံပစ်လွှတ်စင်တာ Satish Dhawan Space Centre (SDSC) မှ ထို ဂြိုလ်တုကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စင်တာမှ ဂြိုလ်တု ပစ်လွှတ်မှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
RISAT-2B ဂြိုလ်တုသည် ၃၇ ဒီဂရီစောင်းကာ ဂြိုလ်တုပတ်လမ်း ၅၅၅ ကီလိုမီတာသို့ ဝင်ခဲ့သည် ဟု တာဝန်ရှိသူများက ဆိုသည်။
အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း(ISRO) ဥက္ကဋ္ဌ Kailasavadivoo Sivan သည် ယင်းဒုံးကျည်ပစ်လွှတ်မှုကို ထိပ်တန်းသိပ္ပံပညာရှင်များ နှင့်အတူ စောင့်ကြည့်စစ်ဆေးခဲ့သည်။
Kailasavadivoo Sivan သည် ၎င်းဂြိုလ်တု ပစ်လွှတ်ပြီးနောက် ထိုသိပ္ပံပညာရှင်များအဖွဲ့ကို ဝမ်းမြောက်ကြောင်း ပြောခဲ့ပြီး ၎င်းတို့၏ ဂြိုလ်တုလွှင့်တင်ခြင်း အခန်းကဏ္ဍကို ချီးကျူးပြောဆိုခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို