နေပြည်တော် ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှု လုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Rupee/Kyat Trade Settlement Mechanism အား ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့ ညနေ (၄) နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ ကျင်းပသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုကိုတိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်၊ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကိုလျှော့ချနိုင်ရန်၊ Exchange Rate Risk များ လျော့နည်း စေရန်နှင့် ပြည်တွင်းငွေကြေးသုံးစွဲမှုကို မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရူပီး-ကျပ် Trade Mechanism ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ရူပီး/ကျပ် ပေးချေမှုဆိုင်ရာ လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံး၊ အိန္ဒိယ နိုင်ငံဗဟိုဘဏ် (Reserve Bank of India) ၊ Department of Financial Services, Ministry of Finance, India တို့အကြား အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး၊ Joint Concept Note Paper နှင့် Standard Operating Procedures (SOPs) များကိုလည်း အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline)” အား သက်ဆိုင်ရာ ဌာနများ၏ သဘောထားမှတ်ချက်များတောင်းခံ၍ ထုတ်ပြန်ပြီးဖြစ် သည့်အတွက် ဖေဖော်ဝါရီလမှစ၍ ပေးချေမှုများစတင်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ကုန်သည်များ ကိုလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ အိန္ဒိယကုန်သည်များအသင်းတို့နှင့် ပူးပေါင်း၍ ရှင်းလင်းပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းနေသည့် ဆေးဝါးနှင့်ကုန်စည်များအတွက် ပေးချေရသည့် အမေရိကန်ဒေါ်လာ လိုအပ်ချက် လျော့နည်းသွားခြင်း၊ ကုန်သွယ်မှုအတွက် ငွေပေးချေမှုပိုမိုလွယ်ကူစေခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ ရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရူပီး/ကျပ် ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) များဖြစ်သည့် ယူအေဘီဘဏ်လီမိတက်နှင့် CB Bank PCL နှင့် Punjab National Bank တို့မှ Rupee/Kyat Trade Settlement Mechanism ကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန်မာ့စီးပွား ရေးဘဏ်တို့မှ တာဝန်ရှိသူများက အိန္ဒိယ-မြန်မာ ကုန်သွယ်မှုအခြေအနေများနှင့် ရူပီး/ကျပ်ဖြင့် တိုက်ရိုက် ငွေပေးချေမှုလုပ်ငန်း စတင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ အဆင့်မြင့်အရာထမ်းများ၊ ရူပီး/ကျပ် ပေးချေမှုဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


