၁၄ ဩဂုတ်
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ယနေ့ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အိန္ဒိယထိန်းချုပ်ထားရာ ကက်ရှ်မီးယား နွေရာသီမြို့တော် ဆင်းဂါးမြို့ ဆင်ခြေဖုံးရှိ နော်ဂမ်ဒေသတွင် စစ်သွေးကြွများက ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ရာ နှစ်ဦး သေဆုံးသွားခဲ့ကြောင့် ဆင်းအဂါးရှိ အကြီးတန်း ရဲတပ်ဖွဲ့ အရာရှိက ပြောကြားခဲ့သည်။
ယင်းသို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် အာဏာပိုင်များက ထိုတိုက်ခိုက်မှုတွင် ပါဝင်သည့် စစ်သွေးကြွများကို ရှာဖွေရန် အစိုးရတပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။ ယခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ဆင်းဂါးမြို့ အပါအဝင် ဌာနချုပ်ရုံးစိုက်ရာ ခရိုင်များနှင့် အရေးပါသော မြို့တွင် အာဏာပိုင်များသည် လမ်းများကို ပိတ်ဆို့ထားပြီး မော်တော်ယာဉ်များကို ရှာဖွေမှုများ လုပ်ဆောင်နေကြသည်။
၁၉၈၉ ခုနှစ် ကတည်းက ထိုဒေသတွင် စစ်သွေးကြွများနှင့် အိန္ဒိယစစ်တပ်များအကြား ပြောက်ကျား စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
စစ်သွေးကြွများသည် အစိုးရတပ်ဖွဲ့များကို အများအားဖြင့် လက်ပစ်ဗုံးများ သို့မဟုတ် ပစ်ခတ်မှုများဖြင့် တိုက်ခိုက်လေ့ရှိသည်။
ထိုဒေသတစ်လျှောက်တွင် နှစ်ဖက်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို