၁၁ စက်တင်ဘာ

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ နေရာတစ်စိတ်တစ်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားခဲ့ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ကုလသမဂ္ဂအဖွဲ့အစည်းအား တောင်းဆိုခဲ့သည်ဟု သိရသည်။

ယမန်နေ့က ဂျီနီဗာတွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးများကောင်စီတွင် ယခုအဆိုကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရသည် ‌ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြီးခဲ့သည့်လက ပြန်လည်ရုပ်သိမ်းခဲ့သည့်အတွက် ပါစ္စတန်သည် အိန္ဒိယကို လက်တုံ့ပြန် သည့်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးကို ဆိုင်းငံ့ထားခဲ့သည်။

အိန္ဒိယအစိုးရအနေနှင့် ယင်းဒေသတွင် သတင်းအချက်အလက်များ အမှောင်ချထားပြီး ညမထွက်ရအမိန့်ကို ပြဋ္ဌာန်းထားကြောင်း  ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ 

ထို့အပြင် ယင်းဒေသရှိ ပြည်သူတို့ သည် အစာရေစာရှားပါးမှုနှင့် ဆေးဝါးရှားပါးမှုတို့ကို ရင်ဆိုင်နေရကြောင်းနှင့် နိုင်ငံတကာမှ လူ့အဖွဲ့အစည်းများ အနေနှင့် စုံစမ်းမှုများစတင်လုပ်ဆောင်ပေးကြရန် ကုလသမဂ္ဂအဖွဲ့အစည်းအား တိုက်တွန်းပြောကြားခဲ့သည်။ 

သို့သော်လည်း အိန္ဒိယအနေနှင့် ယခုအရေးကိစ္စသည် ပြည်တွင်းအရေးသာ ဖြစ်သည်ဟု ခံယူထားသည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-စုရည်