အိန္ဒိယက မတ်ပဲတင်သွင်းခွင့်အချိန် ထပ်တိုးပေးခြင်းကြောင့် ပြည်တွင်းမတ်ပဲဈေး တစ်တန်လျှင် ကျပ်နှစ်သောင်းခွဲဝန်းကျင် မြင့်တက်

၁၅ မေ

 

အိန္ဒိယက မတ်ပဲတင်သွင်းခွင့်အချိန် ထပ်တိုးပေးခြင်းကြောင့် ပြည်တွင်းမတ်ပဲဈေး တစ်တန်လျှင် ကျပ် နှစ်သောင်းခွဲဝန်းကျင် မြင့်တက်လျက်ရှိကြောင်း ပဲစျေးကွက်အတွင်းမှ သိရသည်။

 

လက်ရှိ မတ်ပဲ တစ်တန်လျှင် ကျပ် ၉၆၅,၀၀၀ မှ ကျပ် ၉၉၀,၀၀၀ ထိ မြှင့်တက်ခဲ့ပြီး ပဲစင်းငုံ တစ်တန်လျှင်လည်း ကျပ် ၇၆၀,၀၀၀ မှ ကျပ် ၇၈၀,၀၀၀ အထိ မြင့်တက်ခဲ့သည်။

 

ယခုဘဏ္ဍာနှစ်(၂၀၁၉- ၂၀၂၀)အတွက် အိန္ဒိယနိုင်ငံ၏ မတ်ပဲတင်သွင်းခွင့် ကိုတာသတ်မှတ်ချက်အရ တန်ချိန် နှစ်သိန်းခွဲကို မေ ၁၅ ရက်တွင် အရောက်တင်သွင်းရန် နှစ်ကြိမ်မြောက် အချိန်တိုးမြှင့်ပေးထားသော်လည်း  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တင်ပို့ရန် ကျန်ရှိသည့် တန်ချိန် သုံးသောင်းခန့်ကို ဆက်လက်၍ မေလကုန်အထိ အချိန်တိုးမြှင့်ပေးထားသည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် ပဲလိုအပ်ချက်အရ ယခုဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်သွင်းခွင့် ကိုတာ သတ်မှတ်ချက်ကို ယခင် တန်ချိန် တစ်သိန်းခွဲ သတ်မှတ်ထားရာမှ နောက်ထပ်တန်ချိန် နှစ်သိန်းခွဲ တိုးမြှင့် တင်သွင်းရန်အတွက် ပြီးခဲ့သည့်နှစ်ကုန် ဒီဇင်ဘာ ၁၂ ရက်တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာန(DGFT)က Trade Notice ဖြင့် အသိပေးချက် ထုတ်ပြန်ခဲ့သည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ် မိုးရာသီစိုက် မတ်ပဲများ ရာသီဥတုဖောက်ပြန်ပြီး အထွက်နှုန်း နည်းသောကြောင့် ပြည်နယ်အစိုးရ ခွင့်ပြုမိန့်ဖြင့် ပဲဝယ်ယူခဲ့ရာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၁၃ သိန်းကျော်အထိ မြင့်တက်ခဲ့သည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်လည်း မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနက မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူမည့် မတ်ပဲသည် မြန်မာနိုင်ငံကသာ အဓိက စိုက်ပျိုးပြီး အခြား ပဲစင်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲများကိုမူ  မြန်မာနိုင်ငံအပြင် အာဖရိကတိုက်နှင့် သြစတေးလျနိုင်ငံများလည်း စိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

 

ငြိမ်းငြိမ်း