မန္တလေး ၇ အောက်တိုဘာ
အိန္ဒိယမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့ မတိုင်ခင်အထိ ထပ်တိုးတင်သွင်းခွင့်ပြုကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
အဓိကမတ်ပဲဈေးက အိန္ဒိယဖြစ်ကြောင်း၊ အိန္ဒိယတွင် မိုးများပြီး မတ်ပဲခင်းများ ပျက်စီးသည့်အတွက် အောက်တိုဘာလ (၁) ရက်နေ့တွင် မတ်ပဲတန်ချိန် (၁)သိန်းခွဲ ထပ်မံတင်သွင်းခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ဟိုဘက်တွင် မိုးရွာသည့် သတင်းတွေကြား၍ တစ်ပတ်လောက်အတွင်း တစ်အိတ်လျှင် (၅)ထောင် (၁)သောင်းခန့် တက်သွားကြောင်း၊ မတ်ပဲဈေးက တကယ်တမ်း တိုက်ရိုက် အိန္ဒိယနှင့် သက်ဆိုင်ကြောင်း၊ ပြည်တွင်းတွင် အသုံးနည်းကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
မတ်ပဲသည် များသောအားဖြင့် ဒီဇင်ဘာလဝန်းကျင်တွင် အသစ်ပေါ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးများတွင် အများဆုံးစိုက်ပျိုးကြကြောင်း ၊ အောက်တိုဘာလ (၅)ရက်နေ့တွင် မတ်ပဲ (၆) ပိဿာလျှင် (၁၀၇၀၀၀) ကျပ်မှ (၁၁၂၀၀၀) ကျပ်ဝန်းကျင်၊ မတ်ပဲ (ရေသွင်း/သစ်) (၆၀)ပိဿာလျှင် (၉၅၀၀၀) ကျပ်မှ (၉၈၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
ထိပ်ထားနိုင်
#MRTV


