နယူးဒေလီ ဇွန် ၁၆
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုနှုန်း အရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်လာခြင်းကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၂၁၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။
အိန္ဒိယတွင် တစ်ရက်အတွင်း စစ်ဆေးတွေ့ရှိသည့် အဆိုပါကိန်းဂဏန်း ၁၀၀၀၀ ကျော်သည် လွန်ခဲ့သည့် နှစ်လတာကာလအတွင်း ပထမအကြိမ်ဖြစ်သည်။
ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်တရားဝင်ကိန်းဂဏန်းများအရ အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း တွေ့ရှိသည့်ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအသစ်ဦးရေသည် လွန်ခဲ့သည့်နှစ်ရက်အတွင်း နှစ်ဆနီးပါး တိုးလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၃၂၅၇၇၃၀ ရှိသည်။ အလားတူ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၁၁ ဦးထပ်မံ သေဆုံးခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၈၀၃ ဦးရှိလာကြောင်း သိရသည်။
သို့သော် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆေးရုံများမှ ပြန်ဆင်းသူ ၇၆၂၄ ဦး အပါအဝင် ကိုဗစ်-၁၉ ရောဂါ လူနာစုစုပေါင်း ၄၂၆၇၄၇၁၂ ဦးတို့သည် အောင်မြင်စွာ ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံများမှှ ပြန်ဆင်းခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ