အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသုံးဦး သေဆုံး၊ ၂၅၀၀၀ ခန့် ရေဘေးသင့်

နယူးဒေလီ    မေ    ၁၅

 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးမှုဖြစ်ပွားပြီး လမ်းများရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၁၅ ရက်တွင် ပြောကြားသည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်ခြောက်ခု ရေကြီးမှုဒဏ်ခံစားခဲ့ရပြီး သုံးဦးသေဆုံးကာ ရေဘေးသင့် ဒေသများမှ လူ ၂၅၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း၊ Dima Hasao ခရိုင် ဟက်ခ်လောင်းဒေသမှ လမ်းပိုင်းအချို့ ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ထို့အပြင် လက်ခ်ဟင်ပါနှင့် နာဂါအွန်ခရိုင်တို့မှ လမ်းများ၊ တံတားများနှင့် ဆည်မြောင်းစနစ် တူးမြောင်းများလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

Dima Hasao ခရိုင် ဟက်ခ်လောင်းဒေသတွင် မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးအပါအဝင် လူသုံးဦး  သေဆုံးခဲ့ကြောင်း အာသံပြည်နယ် သဘာဝဘေး စီမံခန့်ခွဲမှုအာဏာပိုင်က  ပြောကြားသည်။ ထို့အပြင် ရေကြီးမှုကြောင့် ခရိုင်ခြောက်ခုမှ ရွာပေါင်း ၉၄ ရွာတွင် လူ ၂၄၆၈၁ ဦး ရေဘေးသင့်ခဲ့ပြီး ကောက်ပဲသီးနှံ ဧရိယာ ၁၇၃၂ ဒသမ ၇၂ ဟက်တာ ထိခိုက်ပျက်စီးခဲ့သည်။

 

မုတ်သုံရာသီ၌ အာသံပြည်နယ်တွင် နှစ်စဉ်ရေကြီးမှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။                

 

ဆင်ဟွာ