ဇွန် ၄

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပွားနေသဖြင့် လူပေါင်း ၆၀၀၀၀၀ ကျော် ထိခိုက်ခဲ့ပြီး သေဆုံးသူ ၁၈ ဦးရှိလာကြောင်း တာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။

အာသံပြည်နယ်ရှိ ခရိုင် ၁၀ ခုတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး ၆၂၅၃၁၈  ဦး ရေဘေးသင့်ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း လေးဦးသေဆုံးခဲ့ရာ သေဆုံးသူ ၁၈ ဦး ရှိလာသည်ဟု ဖော်ပြထားသည်။ ကာချာခရိုင်တွင် လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။

ကျေးရွာပေါင်း ၅၇၇ ရွာတွင် ရေလွှမ်းမိုးခံနေရဆဲဖြစ်ပြီး ရေဘေးသင့်ခရိုင်များရှိ သီးနှံစိုက်ပျိုးမြေ ဟက်တာ ၆၀၂၃ နီးပါး ပျက်စီးသွားခဲ့သည်။ အာဏာပိုင်များက ရေဘေးသင့်ဒေသများရှိ ရထားလမ်းများပျက်စီးသွားသဖြင့် ရထားခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နှင့်အနောက်ဘန်ဂေါကမ်းရိုးတန်းဒေသအကြား ကုန်းတွင်းပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်းရီမယ်လ် တိုက်ခတ်ပြီး နောက်ဆက်တွဲအနေဖြင့် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် အာသံနှင့် မဏိပူရပြည်နယ်နှစ်ခုတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို