နယူးဒေလီ မေ ၂၃
အိန္ဒိယနိုင်ငံ မြောက်ပိုင်း အာသံပြည်နယ်တွင် သီတင်းတစ်ပတ်နီးပါးကြာ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ရာမှ တစ်ဆင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အရေအတွက် ၁၄ ဦးအထိရှိလာကြောင်း သိရသည်။
အာသံပြည်နယ်၏ ခရိုင်များဖြစ်သည့် ကာချာခရိုင်၊ လာခီပါ ခရိုင်နှင့် နာဂါအွန်ခရိုင်တို့မှ လွန်ခဲ့သည့် တစ်ရက်အတွင်း သေဆုံးသူလေးဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အာသံပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ပြောကြားသည်။
ထို့ပြင် အာသံပြည်နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ခုနစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် လူပေါင်း ခုနစ်သိန်းကျော်သည် ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရကြောင်း သိရသည်။ ဒီမာဟာဆောင်ခရိုင် အတွင်းရှိ ဟက်ဖ်လောင်မြို့သည် အာသံပြည်နယ်၌ ရေကြီးရေလျှံ မှုဒဏ် အခံရဆုံးမြို့ဖြစ်ကြောင်း သိရသည်။
အိန္ဒိယလေတပ်မှ ရဟတ်ယာဉ်များကိုလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်ရန် စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရသည့် ဒေသများမှ လူဦးရေထောင်ပေါင်းများစွာကိုလည်း အာသံပြည်နယ်အစိုးရက ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်