နယူးဒေလီ ဇွန် ၁၉

 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်နှစ်ခုဖြစ်သည့် အာသံပြည်နယ်နှင့် မီဂါလာယာပြည်နယ်တို့တွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့်  ၃၂ ဦးသေဆုံးခဲ့ ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အာသံပြည်နယ်  သဘာဝဘေးစီမံ ခန့်ခွဲမှုအာဏာပိုင်များအဖွဲ့၏  ပြောကြား ချက်အရ ယင်းပြည်နယ်အတွင်းရှိ ခရိုင် ၂၈ ခုတွင် လူပေါင်း ၁ ဒသမ ၈ သန်းကျော် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရကြောင်းနှင့် ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့ပြင်  မီဂါလာယာပြည်နယ်တွင်လည်း လွန်ခဲ့သည့်နှစ်ရက်အတွင်း ရေကြီးရေလျှံမှုကြောင့် ၁၉ ဦးသေဆုံးခဲ့ကြောင်း မီဂါလာယာပြည်နယ် သဘာဝဘေးစီမံ ခန့်ခွဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

 

ယင်းသို့ ရေကြီးရေလျှံမှုများဖြစ်ပွားမှုဒဏ်ကို အာသံပြည်နယ်မှ ကျေးရွာပေါင်း ၃၀၀၀  နီးပါး  ခံစားခဲ့ရပြီး  လူပေါင်း ၁၀၇၁၀၄ ဦးသည်  ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံခဲ့ရကြောင်း သိရသည်။

 

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ရေကြီးရေလျှံမှု အခြေအနေနှင့် စပ်လျဉ်း၍ အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာ ဘီဆွာဆာမာနှင့်  ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အစိုးရမှ အကူအညီအားလုံးပေးရန်လည်း အာမခံခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်