နယူးဒေလီ ၂၈ ဇူလိုင်
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၂ ဦးအထိ ရှိလာပြီး ရေကြီးမှုဒဏ်ကို လူဦးရေ ၅ ဒသမ ၆ သန်း ဆိုးဆိုးရွားရွား ခံစားခဲ့ရကြောင်း အာဏာပိုင်များက ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၂၃ ခရိုင်တွင် လူပေါင်း ၂ ဒသမ ၄ သန်းမှာ ရေဘေးဒုက္ခခံစား နေရပြီး ငါးဦးအသက် ဆုံးရှုံးခဲ့ရသည် ဟု အာသံပြည်နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ အေအက်စ်ဒီမက်အေက ပြောသည်။
ရေကြီးမှုဒဏ်ကို ခရိုင်ပေါင်း ၃၀ မှ လူပေါင်း ၅၆၇၁၀၁၈ ဦး ခံစားရကြောင်း အေအက်စ်ဒီမက်အေမှ ပရောဂျက်မန်နေဂျာ မန်ဒရီယာက ပြောသည်။ ရေကြီးမှုကြောင့်အသက် ဆုံးရှုံးရသူပေါင်း ၁၀၂ ဦးအထိ ရှိကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။
ပြည်နယ်အတွင်း မေ ၂၂ ရက်မှ စတင်ကာ ရေကြီးခဲ့ခြင်းဖြစ်ပြီး ရာသီဥတု သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း မရှိသည့်အတွက် ရေများ အပြည့်အဝပြန်မကျနိုင်ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။ အချို့သော နေရာများတွင် ရေပြန်ကျသွားသော်လည်း မိုးရွာ သွန်းသည့်အခါ ရေပြန်တက်လာကြောင်း သိရသည်။ ၃၇ ရက်တာအတွင်း ရေကြီးမှုကြောင့် ကျေးရွာ ပေါင်း ၅၃၀၄ ရွာ ရေလွှမ်းမိုးခံရပြီး စိုက်ခင်းပေါင်း ၂၅၉၈၉၉ ဒသမ ၄၄ ဟက်တာခန့် ပျက်စီးခဲ့ရကြောင်း မန်ဒရီယာက ပြောကြားသည်။
ရေကြီးမှုဒဏ်ခံရသည့် ပြည်သူများအတွက် ဒေသအာဏာပိုင်များက အရေးပေါ်ကယ်ဆယ်ရေး စင်တာများ တည်ထောင်ပေးခဲ့သည်။
ဆင်ဟွာ