ဗန်ကောက်     ဇန်နဝါရီ     ၂၇

အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါ ပြည်နယ်တွင် နီပါးရ်ဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိနေရသဖြင့် အဆိုပါဒေသမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် ခရီးသည်များကို ဇန်နဝါရီ  ၂၆ ရက်မှစတင်၍  ဗိုင်းရပ်စ်ကူးစက်မှုရှိ မရှိ စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်မည်ဖြစ်ကြောင်း  ထိုင်းနိုင်ငံ မြို့ပြလေကြောင်း   အာဏာပိုင်အဖွဲ့က ပြောကြားသည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအခြေအနေပေါ်မူတည်၍ ရောဂါစောင့်ကြည့်ကုသရေးနည်းလမ်းများကို ဆောင်ရွက်မည်ဟု ၎င်းအဖွဲ့က    ပြောကြားသည်။    လက်ရှိ စည်းမျဉ်းများအရ လေကြောင်းလိုင်းများအနေဖြင့်   ခရီးသည်များ ခရီးစတင်ထွက်ခွာရာနေရာများတွင် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရောဂါလက္ခဏာပြသသည့်ခရီးသည်များအတွက် လိုအပ်သည့် စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကာခရီးစဉ်တစ်လျှောက် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများအတိုင်း လိုက်နာ၍ ခရီးသွားလာနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိလာ သည့် ခရီးသွားများအနေဖြင့် ကိုယ်အပူချိန်စစ်ဆေးခြင်းကို ခံယူရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို   သတ်မှတ်ပုံစံတွင်   ဖြည့်ရမည်ဖြစ်သည်။ အနောက်ဘင်ဂေါပြည်နယ် ကာလကတ္တားမှ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနှင့် ဖူးခက်လေဆိပ်များသို့ တိုက်ရိုက်ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များတွင် လိုက်ပါလာသည့် ခရီးသွားများအား လက်ရှိအချိန်တွင် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်နေသည်။ ထိုင်းနိုင်ငံတွင် လက်ရှိအချိန်၌  နီပါးရ်ဗိုင်းရပ်စ်ကူးစက်ခံရသူ  မတွေ့ရှိရကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားသည်။ နီပါးရ်ဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာများမှာ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် သတိလစ်ခြင်းတို့ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်   အခြားကျန်းမာရေးဆိုင်ရာ  အဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။            

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ