နယူးဒေလီ ၂၄ ဩဂုတ်
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ပြည်သူ ၈ ဒသမ ၃ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘီဟာပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၏ အဆိုအရ လက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် ပြည်နယ်အတွင်းရှိ ခရိုင် ၁၆ ခုနေ ပြည်သူ ၈ ဒသမ ၃ သန်းကျော် ရေဘေးသင့်ခဲ့သည်ဟု သိရသည်။ ထို့အပြင် ရေဘေးကြောင့် ခရိုင်ခြောက်ခုတွင် လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း၊ ရေဘေးသင့်ခရိုင်များရှိ မြစ်များ၊ ချောင်းငယ်များသည် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ရေဘေးကြောင့် လူနေဧရိယာများ ရေနစ်မြုပ်ခဲ့ရာ ရေကာတာများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ နေအိမ်များအတွင်း ရေများဝင်လာခဲ့ပြီး ဒေသခံများက လှေများအသုံးပြု၍ သွားလာနေရသည်။ ဘေးအန္တရာယ်တုံ့ပြန်ရေး တပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ ၂၆ ဖွဲ့ကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေဘေးသင့်ဒေသများသို့ စေလွှတ်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
ပြည်သူငါးသိန်းကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု တာဝန်ရှိသူများက ဆိုသည်။ ဘီဟာပြည်နယ်၌ ဇူလိုင်လ ၁၃ ရက် ကတည်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး