စက်တင်ဘာ ၁၃
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ စာသင်ကျောင်းကကျွေးသောနေ့လည်စာကို ကျောင်းသားများ စားသုံးပြီးနောက်တွင် အသက် ၆ နှစ်မှ ၈နှစ်ကြားအရွယ်ရှိ ကျောင်းသားဦးရေ ၅၀ ထက်မနည်း နေထိုင်မကောင်းဖြစ်ခဲ့သည်ဟု ဒေသတွင်းကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ယနေ့တွင် အတည်ပြုပြောသည်။
အဆိုပါစာသင်ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျောင်းသားများအစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ ဗိုက်နာ ဗိုက်အောင့်ခြင်းနှင့် အော့အန်ခြင်းဝေဒနာများခံစားရပြီး ဒေသတွင်းဆေးရုံသို့ မပို့ဆောင်မီ ပြန်လည်ကောင်းမွန်လာခဲ့သည်ဟု သိရသည်။
ထိုဖြစ်ရပ်သည် ဘီဟာပြည်နယ် Sitamarhi ခရိုင်ရှိ စာသင်ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျောင်းသားလေးများသည် စာသင်ကျောင်းတာဝန်ရှိသူများက ကျွေးမွေးသော ပုံမှန်နေ့လည်စာတွင် ပုတ်သင်ညိုအသေတစ်ကောင်တွေ့ရှိခဲ့သဖြင့် အစာအဆိပ်သင့်ခဲ့ခြင်း ဖြစ်သည်။
ဆာဒါဆေးရုံမှ ဒေါက်တာ ဆူဟာဂျေဟာက အစာအဆိပ်သင့်ခဲ့သောကျောင်းသားလေးများအားလုံး ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီး အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီဟု ဆိုသည်။ စိုးရိမ်စရာမရှိတော့ကြောင်း၊ ယခုအခါ ပုံမှန်အေခြအနေသို့ပြန်ရောက်ပြီဖြစ်ကြောင်း ၎င်းကပြောသည်။
အစိုးရက ကျောင်းနေကလေးများ အာဟာရအဆင့်မြှင်တင်ရေး ရည်ရွယ်ချက်ဖြင့်ချက်ပြုတ်ထားသော နေ့လည်စာများကို အိန္ဒိယနိုင်ငံရှိ မူကြို၊ မူလတန်းစာသင်ကျောင်းများရှိ ကျောင်းသားများအား ကျွေးမွေးခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို