နယူးဒေလီ နိုဝင်ဘာ ၄

 

အိန္ဒိယနိုင်ငံ၌ ဆောင်းကာလသို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့် မြို့တော်ဒေလီတွင် လေထု ညစ်ညမ်းမှုများ စတင်မြင့်တက်လာပြီဖြစ်သည်။

 

လေထုအရည်အသွေး ခန့်မှန်းတိုင်းတာရေး အေဂျင်စီဖြစ်သည့် လေထုအရည်အသွေးစနစ်နှင့် ရာသီဥတုခန့်မှန်းရေးနှင့် သုတေသနအေဂျင်စီ (ဆာဖာ) က မြို့တော်ဒေလီ၏ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်း လေထုအရည်အသွေးသည် ၃၀၉ ရှိကြောင်း၊ အဆိုပါကိန်းဂဏန်းက အလွန်ဆိုးရွားသော လေထုအရည်အသွေးကို ပြသလျက်ရှိကြောင်းဖော်ပြလိုက်သည်။

 

မြို့တော်ဒေလီ အကြီးအကဲ အာဗင့်ဒ်ကီဂျရီဝယ် က လွန်ခဲ့သောနှစ်ရက်စပြီး လေထုညစ်ညမ်းခြင်း အဆင့်ကို တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ ၎င်း၏အဆိုအရ အိမ်နီးချင်းပြည်နယ်များဖြစ်သော ဟာယာနာနှင့် ဥတာပရာဒက်ချ်ရှိ တောင်သူလယ်သမားများ၏ ရိုးပြတ်မီးရှို့ခြင်းများသည် ဒေလီ၏ လေထုညစ်ညမ်းမှု မြင့်တက်လာရသည့် အဓိက အကြောင်းတရားဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

လေထုအရည်အသွေး အညွှန်းကိန်း (အေကျူအိုင်) ၀ မှ ၅၀ အတွင်းသည် လေထုအရည်အသွေး ကောင်းသည့် အဆင့်တွင်ရှိသည်။ ၅၁ မှ ၁၀၀ အတွင်းသည် ကျေနပ်စရာကောင်းသည့် အနေအထားအဆင့်တွင်ရှိသည်။ ၁၀၁ မှ ၂၀၀ အတွင်းသည် အသင့်အတင့် အနေအထားတွင်ရှိသည်။ ၂၀၁ မှ ၃၀၀ အတွင်းသည် ဆိုးသောအနေအထားတွင်ရှိသည်။ ၃၀၁ မှ ၄၀၀ အတွင်းသည် အလွန်ဆိုးသော အနေအထားတွင်ရှိပြီး ၄၀၁ မှ ၅၀၀ ကြားသည် အလွန်ပြင်းထန်သည့် အနေအထားတွင်ရှိကြောင်း သိရသည်။

 

လေထုညစ်ညမ်းခြင်းသည် ဒေလီနှင့် အနီးဝန်းကျင်ဒေသတွင် အထူးသဖြင့် ဆောင်းကာလ၌ ကြီးမားသည့် ပြဿနာတစ်ခုဖြစ်သည်။

 

ဆင်ဟွာ