ဖေဖော်ဝါရီ ၂၈
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ ဆေးဝါးစက်ရုံတစ်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ဦးထက်မနည်းသေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုသည် ဂူဂျာရတ်ပြည်နယ် ဂန်ဟီနာဂါမြို့တောင်ပိုင်း ၃၉၈ ကီလိုမီတာအကွာ ဗယ်လ်ဆတ်ခရိုင်ရှိ ဂူဂျာရတ်စက်မှုဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်းတွင် ယမန်နေ့ညနှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုစက်ရုံမီးလောင်ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းအဆောက်အဦ၏အစိတ်အပိုင်းတစ်ခုပြိုကျခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
စက်ရုံပေါက်ကွဲမီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်သမားများရောက်ရှိလာပြီး အနီးနားရှိအဆောက်အအုံများ သို့မီးကူးစက်မှုမရှိစေရန် မီးများငြှိမ်းသတ်ပေးခဲ့ကြသည်ဟု သိရသည်။
ယင်းစက်ရုံပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကို ချက်ချင်းမသိရှိရသေးကြောင်းနှင့် ရဲတပ်ဖွဲ့က ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို