ဇန်နဝါရီ ၆
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ယမန်နေ့က အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးနှစ်ဦးအပါအဝင် ရဟတ်ယာဉ်ပေါ်ပါသုံးဦးစလုံး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဂူဂျာရတ်ပြည်နယ်မြို့တော် Gandhinagar ၏အနောက်ဘက် ၄၁၆ ကီလိုမီတာအကွာရှိ ပိုဘန်ဒါလေဆိပ်၌ လေကျင့်ပျံသန်းနေစဉ်အတွင်း Advanced Light Helicopter (ALH) Dhruv ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါရဟတ်ယာဉ်သည် နည်းပညာအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရခြင်းကြောင့်ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။
ထိုရဟတ်ယာဉ်မှာပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူသုံးဦး၏အလောင်းများကို ယင်းနေရာမှချက်ချင်းဖယ်ရှားခဲ့ပြီး ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့သည်ဟုသိရသည်။
ယင်းမတော်တဆမှုသည် ပိုဘန်ဒါလေဆိပ်၌ ဆင်းသက်ရန်ကြိုးစားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပိုဘန်ဒါအဆင့်မြင့်ရဲအရာရှိတစ်ဦးကဆိုသည်။ အိန္ဒိယရဲတပ်ဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဖွဲ့သည် ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားရသည့်အကြောင်းအရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို