နိုဝင်ဘာ ၁၄
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် ယမန်နေ့က လေထုညစ်ညမ်းမှုဆိုးရွားလာရာ ယခုရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် လေထုအရည်အသွေးအညွှန်းကိန်း (အေကျူအိုင်) ၄၃၉ အထိရှိလာကြောင်း လေထုညစ်ညမ်းမှုဗဟိုထိန်းချုပ်ရေးအဖွဲ့( စီပီစီဘီ)က သတင်းထုတ်ပြန်ထားသည်။
စီပီစီဘီအဖွဲ့၏သတင်းထုတ်ပြန်ချက်အရ မြို့တော်ဒေလီတွင် အေကျူအိုင် ၄၃၉ ဖြင့် ယမန်နေ့ဒေသစံတော်ချိန် ည ၆ နာရီက လေထုညစ်ညမ်းမှုစံချိန်တင်ခဲ့သည်ဟုသိရသည်။ လေထုညစ်ညမ်းမှုအဆင့်မြင့်တက်လာခြင်းသည် အပူချိန်နှင့် လေတိုက်နှုန်း လျော့ကျလာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ အေကျူအိုင် ၄၃၉ သည် အန္တရာယ်ရှိအဆင့်တွင်ပါဝင်ပြီး ၄၀၀ အထက်သည် လူသားအားလုံးအတွက် ကျန်းမာရေးထိခိုက်စေသောအခြေအနေဖြစ်သည်။
လေထုအရည်အသွေးသည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဆိုးရွားသောအမျိုးအစားတွင်ရှိပြီး ယင်းနောက်နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ အလွန်ဆိုးရွားသောအမျိုးအစားဖြစ်ဖွယ်ရှိသည်ဟု ဒေလီရှိလေထုအရည်အသွေးကြိုတင်သတိပေးစနစ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
PM 2.5 နှင့် PM 10 စံနှုန်းများကို လေထုညစ်ညမ်းမှုကိုတိုင်းတာရာ၌အသုံးပြုသည်။ PM 2.5 နှင့် PM 10 သည် အသက်ရှူလမ်းကြောင်းနှင့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေသည်။ PM 2.5 သည် 2.5 microns သို့မဟုတ် သေးငယ်သော အမှုန်အမွှားများဖြစ်ပြီး အသက်ရှူလမ်းကြောင်းထဲသို့ ဝင်ရောက်ကာ အဆုတ်သို့ရောက်ရှိပြီး သွေးကြောအတွင်းသို့ ဝင်ရောက်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ဒေလီသည် ကမ္ဘာပေါ်ရှိ လေထုအညစ်ညမ်းဆုံးမြို့များတွင် ပါဝင်သည်။ စက်မှုလုပ်ငန်းများ၊ ယာဉ်အသွားအလာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသည် မြို့တွင်းလေထုညစ်ညမ်းမှုကို သိသိသာသာဖြစ်ပေါ်စေသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဆောင်းရာသီမတိုင်မီ နှစ်စဉ်နှစ်တိုင်း ဒေလီရှိ လေထုအရည်အသွေးသည် အန္တရာယ်ဖြစ်လာသည်။
ဒေလီမြို့အနီး ပန်ဂျပ်နှင့် ဟာရာနာပြည်နယ်များတွင် အမှိုက်မီးရှို့ရာမှ ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာခြင်းကြောင့် အခြေအနေ ပိုမိုဆိုးလာပြီး ဘေးကင်းရေး ကန့်သတ်ချက်ထက်ကျော်လွန်ကာလေထုညစ်ညမ်းမှုများ ပိုမိုဆိုးရွားလာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို