နယူးဒေလီ၊ မေ ၈

 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်၌ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် မေ ၆ ရက်တွင် ၅၄ ဦးသေဆုံးခဲ့ကြောင်း နယူးဒေလီ အခြေစိုက် ပီတီအိုင်သတင်းဌာနက သတင်းထုတ်ပြန် ခဲ့သည်။

 

အာဏာပိုင်များက လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့သူများနှင့် ပတ်သက်၍ တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေကြောင်း သိရသည်။ မျိုးနွယ်စုမဟုတ်သော Meiteis အသိုက်အဝန်းအား မျိုးနွယ်စုအဆင့် သတ်မှတ်ရန် ဆောင်ရွက်ရာမှတစ်ဆင့် မေ ၃ ရက်မှ စတင်ကာ မဏိပူရ်ပြည်နယ်၌ ကြီးမားသည့်အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မျိုးနွယ်စုများနှင့် မျိုးနွယ်စုမဟုတ်သူများအကြား အကြမ်းဖက်မှုများဖြစ်ပွားခဲ့သော လူထုဆန္ဒပြပွဲတွင် လူပေါင်း ထောင်ချီပါဝင်ခဲ့ကြောင်းနှင့် ယင်းပြည်နယ်တွင် စာသင်ကျောင်းများ၊ လူနေအိမ်များ၊ ဘုရားကျောင်းများ၊ မော်တော်ကားများနှင့် ပြည်သူပိုင်ပစ္စည်းများ အများအပြားပျက်စီးခဲ့ကြောင်း လည်း သိရသည်။

 

အိန္ဒိယစစ်တပ်၏ အဆိုအရ မေ ၅ ရက်ညပိုင်း အချိန်အထိ အရပ်သား ၁၃၀၀၀ ကို ကယ်ဆယ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာနေရာများတွင် ယာယီပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်