နေပြည်တော် ဒီဇင်ဘာ ၈

 

အိန္ဒိယနိုင်ငံ Naval War College (NWC)မှ ဒုတိယ ကျောင်းအုပ်ကြီး Commodore Prashant Chandrasekharan ဦးဆောင်သော အရာရှိကြီးများအဖွဲ့သည် လေ့လာရေးခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂ ရက်တွင် ရောက်ရှိကြသည်။

 

အဆိုပါ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့ရှိ India Centre သို့ သွားရောကလေ့လာခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းတို့ ဆောင်ရွက်ကြပြီး ဒီဇင်ဘာ ၄ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)နှင့် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးတို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံခြင်း၊ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်)၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ သွားရောက်လေ့လာ ဖူးမြော်ကြည်ညိုခြင်းတို့ ဆောင်ရွက်ကြသည်။

 

ဒီဇင်ဘာ ၅ ရက်တွင် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ သွားရောက်၍ ပုဂံမြို့တွင်းနှင့် ပုဂံယဉ်ကျေးမှု ပြတိုက်သို့ သွားရောက် လေ့လာကြပြီး ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက် တို့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်းနှင့် စစ်ရေယာဉ် (မေယု) သို့ သွားရောက် လေ့လာခြင်းတို့ ဆောင်ရွက်ကြသည်။

 

အိန္ဒိယနိုင်ငံ Naval War College (NWC)မှ ဒုတိယ ကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးများ အဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ အိန္ဒိယ နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

 

သတင်းစဉ်