နေပြည်တော်  ၁၉  စက်တင်ဘာ 

အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နေ့ ( India Technical and Economic Cooperation – ITEC Day )  အခမ်းအနားကို ယနေ့ ည ၇  နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်) ကူမား၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ITEC အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသူများ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမား က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမှာစကား ပြောကြားသည်။
    
ထို့နောက် ITEC အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ၌ သင်တန်း တက်ရောက်ခဲ့ကြသူများက  ITEC  ဆိုင်ရာ အချက်အလက်များနှင့် သင်တန်းဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားကြသည်။
    
ယင်းနောက် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဓီမွေးနေ့ ကာလ အထိမ်းအမှတ် Vaishnav Jan To သီချင်းဖွင့်လှစ်သည်။
    
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအတွင်းဝန် Mr. V K Talwar က ကျေးဇူးတင်စကားပြောကြားသည်။
    
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။

mdn


    
India Technical and Economic Cooperation – ITEC အစီအစဉ် ကို ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ပြီး အဆိုပါအစီအစဉ်အတွင် ပုံမှန်သင်တန်းများအပြင် အထူးသင်တန်းများလည်း ပါဝင်ကြောင်း၊ အိန္ဒိယသမ္မတနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများကို ဘာသာရပ်များအလိုက် နှစ်စဉ်ပညာတော်သင်ဆုများ ပေးအပ်လျက်ရှိကြောင်း၊ e – ITEC သင်တန်းကဲ့သို့သော အင်တာနက်အသုံးပြုသည့် အဆင့်မြင့် နည်းပညာနှင့်ပတ်သက်သည့် သင်တန်းသစ်များကိုလည်း မိတ်ဆက် သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
    
(သတင်းစဉ်)