နယူးဒေလီ ဇူလိုင် ၂၅
ဇူလိုင် ၂၃ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က monkeypox ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ကြေညာလိုက်ပြီးနောက် အိန္ဒိယ နိုင်ငံ၏ မြို့တော်နယူးဒေလီတွင် ပထမဆုံးအကြိမ် monkeypox ရောဂါကူးစက်ခံရသူ တွေ့ရှိကြောင်း ဇူလိုင် ၂၄ ရက်တွင် ပြောသည်။
အဆိုပါကူးစက်မှုသည် အိန္ဒိယနိုင်ငံ၌ လေးဦးမြောက် ကူးစက်မှုဖြစ်ကြောင်း၊ ပထမကူးစက်ခံရသူ သုံးဦးသည် နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှဖြစ်ပြီး ဇူလိုင် ၁၄ရက်၊ ၁၈ ရက်နှင့် ၂၂ ရက်တို့တွင် ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရောဂါ ကူးစက်ခံရသူကို မြို့တော်ရှိ အစိုးရဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း၊ လူနာမှာ နိုင်ငံခြား ခရီးသွားမှတ်တမ်း မရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ ပထမဆုံး monkeypox ရောဂါ ကူးစက်ခံရသူ သုံးဦးသည် နိုင်ငံခြားခရီးသွားမှတ်တမ်းရှိကြောင်းသိရသည်။ အိန္ဒိယ နိုင်ငံတွင် monkeypox ရောဂါ ကူးစက်ခံရသူများအပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများလည်း နေ့စဉ်ဖြစ်ပွားလျက် ရှိပြီး ဇူလိုင် ၂၄ ရက်တွင် အဆိုပါ ရောဂါကူးစက်ခံရသူ ၂၀၂၇၉ ဦး စစ်ဆေးတွေ့ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ စစ်ဆေးတွေ့ရှိမှု ပမာဏသည် အိန္ဒိယနိုင်ငံ၌ သုံးရက်ဆက် ၂၁၀၀၀ ကျော် ကူးစက်မှုဖြစ်ပွားရာမှ လျော့ကျ လာခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၃၆ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ ၅၂၆၀၃၃ ဦးအထိ ရှိလာပြီဖြစ်သည်။
ဆင်ဟွာ