နယူးဒေလီ ဇွန် ၁၄
အိန္ဒိယနိုင်ငံ၌ စံချိန်တင်အပူ လှိုင်းကြောင့် သေဆုံးသူဦးရေမှာ ကျဆင်းသွားသည့် လက္ခဏာမရှိ ကြောင်း၊ မကြာသေးမီလများ အတွင်း နိုင်ငံအတွင်းပြင်းထန်သည့် အပူလှိုင်းကြောင့် လူပေါင်း များစွာ သေဆုံးခဲ့ရကြောင်း၊ အိန္ဒိယနိုင်ငံသည် အရှည်ကြာဆုံးနှင့် အပြင်းထန်ဆုံး နွေရာသီများထဲမှ တစ်ခုနှင့် ရင်ဆိုင်နေရသည်ဟု ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။
ဩဒိဿပြည်နယ် အရှေ့ပိုင်းတွင် အပူလျှပ်ခြင်းကြောင့် ၄၁ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ ယခုနှစ်ရာသီအတွင်း ဩဒိဿပြည်နယ်တွင် အပူလှိုင်းမကြာခဏကျရောက်ကြောင်း မိုးလေဝသ ဌာနက ပြောသည်။
ဩဒိဿပြည်နယ်ပြီးလျှင် အပူလှိုင်းကျရောက်မှုများပြားသည့် ပြည်နယ်မှာ ရာဂျက်စသန် ပြည်နယ် ဖြစ်သည်။ နယူးဒေလီတွင်လည်း အပူလှိုင်းဒဏ်ကို ခံစားရသည်။ ဇွန် ၁၄ ရက်တွင် နယူးဒေလီမြို့ ၌ အပူချိန်မှာ ၄၅ ဒီဂရီဆဲလ်စီးယပ်ရှိပြီး ဆောက်လုပ်ရေးလုပ်သားများမှာ ပြင်းထန်သည့် အပူချိန်ကြောင့် ၎င်းတို့ ကျန်းမာရေးအပေါ် သက်ရောက်မည်ကို စိုးရိမ်နေကြရသည်။
ထို့ကြောင့် တတ်နိုင်သမျှ လုပ်ငန်းခွင်မှ ခေတ္တအနားယူခြင်းများ ပြုလုပ်ကြရသည်။ ပြင်းထန်သည့် အပူချိန်အောက်တွင် အလုပ် မလုပ်လိုသော်လည်း မိသားစုကို ကျွေးမွေးရမည်ဖြစ်သည့်အတွက် လုပ်ကိုင်နေရကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
အိန္ဒိယနိုင်ငံ၌ ခြောက်ပတ်ကြာရှည်လျားသည့် အထွေထွေရွေးကောက်ပွဲကို ယခုလအတွင်း ကျင်းပ ပြီးစီးခဲ့သည်။
အပူဒဏ်ကြောင့် သေဆုံးသူများထဲတွင် မဲရုံလုပ်သားများလည်း ပါဝင်သည်။ လာမည့်ရက်များ အတွင်း အပူဒဏ်ကြောင့် ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်သဖြင့် မိုးလေဝသဌာနက အပူလှိုင်းသတိပေးချက်ထုတ်ပြန်ထားသည်။
အင်န်အိတ်ချ်ကေ