နေပြည်တော်  ၂၆  ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရသို့ ဇန်နဝါရီ ၃ ရက်က လွှဲပြောင်းပေးခဲ့သည့် ရခိုင် ပြည်နယ်မှ မာမွတ်ဆာလမ် အပါအဝင် အစ္စလာမ်ဘာသာဝင် ခြောက်ဦးအား တမူး - မိုးရေး နယ်စပ်ဂိတ်၌လက်ခံခဲ့ပြီး ယခုအခါ ၎င်းတို့၏မိဘဆွေမျိုးများထံ စနစ်တကျ လွှဲပြောင်းပေးအပ် ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

၎င်းအစ္စလာမ်ဘာသာဝင် ခြောက်ဦးအား လွှဲပြောင်းနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားဖြစ်မှု သို့မဟုတ် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ ဟုတ်၊ မဟုတ် ကိုစိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာသံရုံးသို့ပေးပို့ခဲ့ပြီး မြန်မာသံရုံးမှ၎င်းတို့အား C of I ထုတ်ပေးပြီး ဇန်နဝါရီ ၃ ရက်က နှစ်နိုင်ငံနယ်စပ်တွင် တရားဝင်လာရောက်လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တရားဝင်လာရောက်လွှဲပြောင်းရာတွင် တမူး - မိုးရေး နယ်စပ်ဂိတ်၌   အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တမူးခရိုင်မှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မျိုးထံ လွှဲပြောင်းခဲ့ပြီး ဇန်နဝါရီ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ မကွေးမြို့ သို့လည်းကောင်း၊ ဇန်နဝါရီ ၅ ရက်တွင် မကွေးမြို့မှ ရခိုင်ပြည်နယ် အမ်းမြို့သို့လည်းကောင်း၊ ဇန်နဝါရီ ၇ ရက်တွင် အမ်းမြို့မှ စစ်တွေမြို့သို့လည်းကောင်း ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအစ္စလာမ်ဘာသာဝင် ခြောက်ဦးအား အမ်းမြို့နယ်ဦးစီးဌာနမှူးရုံး၌  NV Card များ ထုတ်ပေးခြင်း၊ e-ID မှတ်တမ်းကောက်ခြင်းများ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့ နေရပ်ဖြစ် သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့သို့ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်နေသည့် ကာလအတွင်း စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် ခေတ္တနေရာချထား ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)