မေ ၉
အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ဘတ်စ်ကားတစ်စီး တံတားပေါ်မှ ပြုတ်ကျသဖြင့် လူ ၂၀ နီးပါးသေဆုံးပြီး အခြား ၂၅ ဦးအထက် ဒဏ်ရာရရှိကြောင်း ဒေသတွင်း ဉပဒေပြဌာန်းသူတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် မက်ဒရာပရာဒေ့ရှိပြည်နယ် ခါဂွန်ခရိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုခရီးသည်တင်ဘတ်စ်ကားသည် ခါဂွန်ခရိုင်မှ ယင်းပြည်နယ်၏ အင်ဒိုးမြို့ဆီသို့ ဦးတည်သွားနေစဉ် အရှိန်လွန်မောင်းနှင်မှုကြောင့် ခန့်မှန်းခြေ ပေ ၅၀ အမြင့်မှ ခြောက်သွေ့သောမြစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခဲ့သည်။
ယာဉ်မတော်တဆမှုမှ ဒဏ်ရာရရှိသူများသည် ဒေသတွင်းဆေရုံတစ်ရုံတွင် ကုသမှုခံယူနေသည်ဟု သိရသည်။ ဒဏ်ရာရရှိသူ အများစုမှာ အခြေအနေစိုးရိမ်ရသဖြင့် သေဆုံးမှုအရေအတွက် မြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။
ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်းပြောကြားကာ သေဆုံးသူများ၏မိသားစုဝင်များနှင့်ဒဏ်ရာရရှိသူများအတွက် နစ်နာကြေးများပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
မက်ဒရာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ် ရှီဗာဂျေဆင်းရှ်ချိုဟန်ကလည်း ထိခိုက်ဒဏ်ရာရသေဆုံးသူများအတွက် ထပ်မံ၍ နစ်နာကြေး ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို