နယူးဒေလီ ဇူလိုင် ၉
အိန္ဒိယနိုင်ငံ (အနောက်ပိုင်း) ဂူဂျာရတ်ပြည်နယ်တွင် ရုတ်တရက်တံတားကျိုးကျမှုကြောင့် တံတား ပေါ်တွင် သွားလာနေသည့်ယာဉ်များ မြစ်အတွင်းသို့ ထိုးကျခဲ့ရာ အနည်းဆုံး ကိုးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဂူဂျာရတ်ပြည်နယ်ရှိ အေနန်မြို့နှင့် ဗာဒိုဒါရာမြို့တို့ကို ဆက်သွယ်ထားသော ဂန်ဟီရာတံတားသည် ဇူလိုင် ၉ ရက်တွင် ကျိုးကျခဲ့ရာ ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးပြတ်တောက်ခဲ့ကြောင်း သိရသည်။ မြစ်အတွင်းမှ ရုပ်အလောင်းကိုးလောင်း ပြန်လည်ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ယခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသူများအား ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ် ဗူပန် တာပတဲက ညွှန်ကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ